
Android ဖုန်းတွေအတွက် လုံခြုံစိတ်ချရမှု မရှိတဲ့ VPN App ၁ဝ မျိုး
Virtual Private Network ( VPN) ဆိုတာ မိမိရဲ့လက်ရှိအသုံးပြုနေတဲ့ အိုင်ပီလိပ်စာတွေကို ဖျောက်ပြီး နေရာလွှဲ ကိုယ်ယောင်ဖျောက်နိုင်တယ်လို့ အတော်များများ သိထားကြပေမယ့် ဒါတွေက လက်ရှိမှာ အမှန်တစ်ကယ် လုံခြုံရဲ့လားဆိုတာပါ။ မိုဘိုင်းလ်အသုံးပြုသူအတော်များများကတော့ VPN app တွေနဲ့ မစိမ်းပါဘူး။ အများအားဖြင့် Google Play Store က မြန်မာနိုင်ငံကို ဒေါင်းလုပ်ဆွဲခွင့်မပေးထားတဲ့ App တွေကို VPN သုံးပြီး ဒေါင်းလုပ်ဆွဲအသုံးပြုနေကြတာပါ။ အမှန်တော့ VPN ရဲ့စွမ်းဆောင်ချက်နဲ့ ရည်ရွယ်ချက်က ဒီထက်ပိုမြင့်ပါတယ်။ ဒီမှာကတော့ ဂိမ်းတွေကို နိုင်ငံအိုင်ပီလိပ်စာဖျောက်ပြီး သုံးဖို့လောက်ဘဲ အသုံးပြုလေ့ရှိပါတယ်။
Data61, UC Berkeley, UNSW Sydney, နဲ့ မလေးရှား UCSI တို့မှ သုတေသီတို့ရဲ့ တွေ့ရှိချက်အရ Google Play Store မှာ VPN App ပေါင်းများစွာရှိပြီး အတော်များများက လက်တွေ့မှာ လုံခြုံမှုမရှိတာတွေ၊ malware တွေ၊ ကြေငြာတွေနဲ့ အများကြီးဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုပါ သုတေသီတို့က လက်ရှိ Google Play Store မှာ လူသုံးများပြီး အန္တရာယ်ရှိတဲ့ VPN App ၁၀ မျိုးကို ဖော်ထုတ်ခဲ့ပါတယ်။
အဲ့ဒါတွေကတော့
၁။ OK VPN
၂။ Easy VPN
၃။ Super VPN
၄။ Betternet
၅။ Cross VPN
၆။ Archie VPN
၇။ Hat VPN
၈။ sFly Network Booster
၉။ One Click VPN
၁၀။ Fast Secure Payment
အထက်ပါ VPN ၁ဝမျိုးအပြင် အခြားသော လုံခြုံစိတ်ချရမှုမရှိတဲ့ VPN App တွေလဲရှိပါသေးတယ်။ ဒါပေမယ့် လူသုံးများဆုံး နဲ့ အန္တရာယ်အရှိဆုံး VPN ၁၀ မျိုးကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုသင် Google Play Store ကနေ သတ်မှတ်ထားတဲ့ နိုင်ငံကန့်သတ်ချက်ကို ကျော်နိုင်တယ်ဆိုပြီး မပျော်နေပါနဲ့အုံး။ သင့်ရဲ့ လှုပ်ရှားမှုအားလုံးကို VPN ဝန်ဆောင်မှုတွေရဲ့ log ဖိုင်တွေထဲမှာ အစီအစဉ်လိုက် အချိန်နဲ့တစ်ကွ စာရင်းရှိနေပါတယ်။ ဒါတွေကို ဖျက်လိုက်မလား၊ ဒါမှမဟုတ် သင့်ရဲ့ လှုပ်ရှားမှုတွေကို မသမာတွေဆီ ပြန်ရောင်းစားမလားဆိုတာ သင်မသိနိုင်ပါဘူး။
www.sunthitmyanmar.com မှ ကူးယူဖော်ပြသည်။
Comments