Smartphone တွေ ပေါများလာတဲ့ ခေတ်ကြီးမှာ Smartphone နဲ့ သက်ဆိုင်တဲ့ သိမှတ်စရာအကြောင်းအရာတွေကို သိရှိထားဖို့လိုပါတယ်။ ကျွန်တော်တို့ လူတိုင်းဖြစ်ဖူးမှာပါ။ ဖုန်းအားက ကုန်တော့မယ်။ ဒီအချိန်မှာမှ အရေးတကြီး အပြင်သွားဖို့ ကိစ္စတွေပေါ်လာတယ်။ လမ်းခရီးမှာ အချိန်အကြာကြီးမရပဲ အားသွင်းဖို့လိုနေပြီဆိုရင် အောက်ပါနည်းလမ်းတွေက ကျွန်တော်တို့ရဲ့ Smartphone တွေကို အားအလျင်အမြန် ပြည့်စေမှာပါ။
အအေးကြိုက်တဲ့ Lithium-ion

Lithium-ion battery တွေဟာ အအေးကြိုက်ပါတယ်။ အေးနေရင် အားဝင်တာ ပိုမိုလျင်မြန်စေပါတယ်။ ဒါကြောင့် အားသွင်းတော့မယ်ဆိုရင် ဖုန်းမှာတပ်ဆင်ထားတဲ့ ကာဗာတွေကို ဖြုတ်လိုက်ပါ။ အေးတဲ့နေရာမှာ အားကိုသွင်းပါ။ အေးတဲ့နေရာမှာ အားသွင်းဖို့အဆင်မပြေရင် လေအေးပေးပြီး အားသွင်းနိုင်ပါတယ်။ ဒါဆို ဘက်ထရီထဲကို အားအလျင်အမြန်ဝင်စေမှာ ဖြစ်ပါတယ်။
မှန်ကန်တဲ့ Power Adapter နဲ့ Cable ကို သုံးပါ

ဒီအချက်ဟာ အရမ်းကို အရေးပါတဲ့အချက်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ Smartphone ဝယ်တဲ့ အခါမှာ ပါလာတဲ့ Power adapter နဲ့ ကြိုးကို အသုံးပြုခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် အခြားသူရဲ့ Power adapter ကို အသုံးပြုရမယ်ဆိုရင် မိမိဖုန်းအသုံးပြုတဲ့ Adapter ရဲ့ amp ကို သိဖို့လိုပါတယ်။ amp များရင် အားဝင်နှုန်းမြန်ပါတယ်။ amp နည်းရင်တော့ အားဝင်နှုန်း နည်းသွားမှာဖြစ်ပါတယ်။ ဟိုးအရင်က Smartphone adapter တွေကို 5.0V -> 1 A နဲ့ လာပါတယ်။ ခုနောက်ပိုင်း မော်ဒယ်မြင့် Smartphone တွေမှာတော့ များသောအားဖြင့် 5.0V -> 2A ဖြစ်လာပါပြီ။ အချို့ Power Bank တွေမှာ 5.0V -> 2.1A နဲ့ ထုတ်ပေးပါတယ်။ ဈေးပေါပြီး ကွာလတီနိမ့် Power adapter တွေကို မသုံးဖို့ အကြံပြုလိုပါတယ်။ ကွာလတီနိမ့်တဲ့ Power adapter တွေ အသုံးပြုခြင်းက Smartphone တွေကို ထိခိုက်စေပါတယ်။ အဆိုးဆုံးကတော့ Smartphone ရဲ့ Battery ကို အပူလွန်ပြီး ပေါက်ကွဲစေပါလိမ့်မယ်။ နောက်တစ်ခုကတော့ ရှည်လျားတဲ့ Cable ကို အသုံးမပြုဖို့ပါပဲ။ Cable ကို မည်သည့်အတွက် သုံးသည်ဖြစ်စေ တိုလေကောင်းလေပါပဲ။
USB 3.0 ကို သုံးပါ

အကယ်၍ ကျွန်တော်တို့ အားပြန်သွင်းဖို့ အခြေအနေအရ PC ကနေသာ အားသွင်းယူလို့ရနိုင်မယ့် အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီအခါမှာ USB 2.0 နဲ့ USB 3.0 ဆိုပြီး နောက်ပိုင်း PC တွေမှာ ပါလာပါပြီ။ သူတို့နှစ်ခုက ဘာကွာလဲဆိုတော့ amp တွေ ကွာပါတယ်။ USB 2.0 က အများဆုံး 0.5A (500 mA) အထိပဲ Power ပေးပါတယ်။ USB 3.0 ကတော့ 0.9A (900 mA) အထိ Power ပေးတဲ့အတွက် USB 3.0 မှာ အားသွင်းခြင်းက USB 2.0 မှာ အားသွင်းခြင်းထက် ပိုမိုလျင်မြန်စွာ အားပြည့်စေပါတယ်။
Power Off ထားပါ

အရမ်းကို အားအမြန်ပြည့်ဖို့လိုတယ်ဆိုရင်တော့ Smartphone ရဲ့ Power ကို ပိတ်ပြီး အားသွင်းပါ။ အပိုတပ်ဆင်ထားတဲ့ ကာဗာများကို ဖြုတ်ပါ။ အေးတဲ့ နေရာမှာ အားသွင်းပါ။ အေးတဲ့နေရာမှာ အားသွင်းလို့အဆင်မပြေရင် အေးနိုင်မည့် နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။ ဥပမာ – ပန်ကာဖွင့်ပေးတာ၊ အဲကွန်းအခန်းထဲမှာ အားသွင်းတာ၊ ယပ်ခပ်ပေးတာ စသည်တို့ကို ပြုလုပ်ပေးလျင် ပိုမိုလျင်မြန်တဲ့ နှုန်းနဲ့ အားပြည့်စေပါတယ်။
Ultra Power Saving Mode

မော်ဒယ်မြင့် Smartphone တော်တော်များများမှာ Ultra Power Saving Mode ပါလာတာ တွေ့ရပါတယ်။ ဖုန်းအား ခြွေတာဖို့လိုတဲ့အချိန်၊ Power မပိတ်ပဲ အားအမြန်သွင်းချင်တဲ့အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ Ultra Power Saving Mode ရဲ့ သဘောတရားက ဖုန်းကို ဖုန်းပြောဖို့ တစ်ခုတည်း အသုံးပြုနိုင်အောင် ပြုလုပ်လိုက်တာဖြစ်ပါတယ်။ အခြားမလိုအပ်တဲ့ Service တွေ အကုန်လုံးကို ပိတ်ပစ်ပြီး ဖုန်းတစ်မျိုးတည်း ပြောလို့ရအောင် ပြုလုပ်လိုက်တာပါ။ Ultra Power Saving Mode မပါတဲ့ ဖုန်းတွေမှာတော့ Battery Saver ကို အသုံးပြုနိုင်ပါတယ်။ သို့မဟုတ် Battery Saver ဆော့ဝဲလ်တွေ အသုံးပြုနိုင်ပါတယ်။
အကုန် ပိတ်ထားပါ

တကယ်လို့ အပေါ်မှာ ဖော်ပြထားတဲ့ Power saving နဲ့ ပတ်သက်ပြီး Smartphone ထဲမှာ တစ်ခုမှ အဆင်သင့် မရှိဘူးဆိုရင် 4G/3G network တွေကို ပိတ်ပြီး 2G Network ဖြင့်သုံးပါ။ SIM card နှစ်ခု အသုံးပြုပါက အသုံးနည်းတဲ့ ကတ်ကို ပိတ်ထားပါ။ Wifi, Bluetooth, GPS တို့ကို ပိတ်ထားပါ။ မလိုတဲ့ Background ဆော့ဝဲလ်တွေ ပိတ်တတ်ပါက ပိတ်ထားပါ။ မပိတ်တတ်ရင်တော့ Battery Saver ဆော့ဝဲလ် တစ်ခုခု အသုံးပြုဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။
အထက်ပါနည်းလမ်းတွေကို Smartphone မှမဟုတ်ပါဘူး။ Laptop များနှင့် အခြားသော အသုံးဝင်မည့် နေရာများတွင်လည်း သုံးနိုင်ပါတယ်။