You are here
Home > PC & Mobile > Security > ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering

ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering

ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering
ဖုန်းကံထူးတယ်ဆိုပြီး အယုံသွင်းခြင်း (သို့မဟုတ်) Social Engineering

ကျွန်တော်တို့ IT လောကမှာဆိုရင် SE လို့ခေါ်တဲ့ Social Engineering ဆိုတာ ရှိပါတယ်။ Computer လုံခြုံရေးကို ထိုးဖောက်ဖို့ သို့မဟုတ် တစ်ကိုယ်ရေ လုံခြုံရေးကို ထိုးဖောက်ဖို့အတွက် သတင်းအချက်အလက်ကို အယုံသွင်းပြီး လှည့်ဖျားရယူတာဖြစ်ပါတယ်။ တကယ်တော့ Social Engineering ဟာ IT လောကထဲမှာချည်း ရှိတာမဟုတ်ပါဘူး။ အပြင်လောကမှာလည်း ရှိပါတယ်။ လက်တလော ရေပန်းစားနေတဲ့ ဖုန်းလိမ်ရောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လူကြီးမင်းရဲ့ ဖုန်းနံပါတ် ကံစမ်းမဲပေါက်လို့ဆိုပြီး ဖုန်းဝင်လာပါလိမ့်မယ်။ ပြီးပါက ၃ သိန်းကျော်တန်တဲ့ ဖုန်းကို ၁ သိန်း ၃ သောင်းနဲ့ ရပါမယ်။ အပိုအနေနဲ့ ၅ သောင်းတန် လက်ပတ်နာရီတစ်လုံးပါ လက်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်ဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်။ ဒါဟာ Social Engineering ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ အရင်ဆုံး မက်လုံးပေးလိုက်ပါတယ်။ တဖက်က တုန့်ပြန်မှုကို လေ့လာပါတယ်။ စိတ်ဝင်တစားရှိတယ်ဆိုရင် အလုပ်ဖြစ်ဖို့ သေချာပြီပေါ့။ မယုံတယုံ ပုံစံဆို ထပ်ပြီး ယုံကြည်အောင် ဆွယ်ပါလိမ့်မယ်။ တကယ်လို့ သူတို့ရဲ့ လိမ်နည်းကို သိနေတဲ့ သူဆိုရင် အခြေအနေပေါ်မူတည်ပြီး ဖုန်းချသွားပါလိမ့်မယ်။

တကယ်တော့ သူတို့ပေးတဲ့ ပစ္စည်းတွေက သောင်းဂဏန်းပဲ ရှိပါတယ်။ သူတို့ပေးတဲ့ အမျိုးအစားတွေက T Phone, Kopo အစရှိတဲ့ iPhone နဲ့ ဆင်တူတဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ဖုန်းတွေပဲ ဖြစ်ပါတယ်။ နာရီကလည်း သူတို့ပြောသလို ၅ သောင်း မတန်ပါဘူး။ သူတို့တွေ ကျွန်တော်တို့ ဖုန်းနံပါတ်ကို ဘယ်လိုရလဲ?? ရှင်းပါတယ်။ ဖုန်းနံပါတ်ကို အစဉ်အလိုက် ခေါ်တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဖုန်းနံပါတ် တစ်ခုပြီးတစ်ခုခေါ်ဆိုပြီး လိမ်ရောင်းပါတယ်။ တစ်နေ့ကို လူတွေ ဘယ်လောက်အလိမ်ခံနေရမလဲဆိုတာ စဉ်းစားကြည့်ပါ။

ကျွန်တော် ပေးချင်တဲ့ အဓိက အကြောင်းအရာကတော့ အယုံမလွယ်ပါနဲ့။ အနီးအနားက နားလည်တဲ့ လူတွေကို မေးမြန်းဆွေးနွေး တိုင်ပင်ပါ။ ဟိုအရင်တုန်းကလည်း ထီပေါက်တယ်ဆိုပြီး ငွေလိမ်တောင်းတဲ့ သတင်းတွေ ကြားဖူးမှာပါ။ အဲလိုနည်းတွေဟာ ဗဟုသုတနည်းလို့ ဖြစ်ရတာပါ။ စားများများဖတ်ပါ။ လောကကြီးကို လေ့လာပါ။ ကမ္ဘာကြီးနဲ့ အဆက်မပြတ်ပါစေနဲ့။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေရင် ဒီလိုလိမ်နည်းတွေ ကိုယ်မသိတော့ ကိုယ့်လာလိမ်ရင် တကယ်ယုံပြီး ခံရပါလိမ့်မယ်။ ဒါက မြန်မာနိုင်ငံအတွက် အစပဲရှိပါသေးတယ်။ ဘဏ်ကဏ္ဍ ဖွံ့ဖြိုးလာရင် ဒီထက်ပိုဆိုးလာပါလိမ့်မယ်။ ဒီဆောင်းပါးကို ဖတ်ပြီး လက်လှမ်းမှီသလောက် ပြန်လည်မျှဝေပေးပါ။ အသိပေးပါ။ သက်ဆိုင်ရာကလည်း အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ မတ်လကုန်ရင် SIM ကတ်တွေ အားလုံး မှတ်ပုံတင်ပြီးသား ဖြစ်မှာပါ။ သက်ဆိုင်ရာက လိုက်ဖမ်းချင်ရင် လွယ်လွယ်လေးပါ။

ဒီကနေတဆင့် ကိုယ့်ဖုန်းကို ကိုယ့်ရဲ့ မှတ်ပုံတင်နဲ့သာ သုံးကြပါလို့ တိုက်တွန်းပါရစေ။ အခြားဖုန်းကို ကိုယ့်မှတ်ပုံတင်နဲ့ မှတ်ပုံတင်ထားရင် ပြဿနာဖြစ်လာတဲ့အခါ ကိုယ့်မှတ်ပုံတင်နဲ့ဖြစ်တဲ့အတွက် ကိုယ့်ကို အရင်ဖမ်းကြမှာပါ။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top