ရောက်ရှိနေသည့်နေရာ
Home > Security > Email လုံခြုံရေးနှင့် သိကောင်းစရာများ

Email လုံခြုံရေးနှင့် သိကောင်းစရာများ

ကျွန်တော်တို့ အင်တာနက်အသုံးပြုသူများ အားလုံးနီးပါးမှာ ကိုယ်ပိုင် Email အကောင့်တွေ ရှိကြပါတယ်။ များသောအားဖြင့်တော့ 10 Gb သိုလှောင်နိုင်မှုရှိတဲ့ google ရဲ့ဝန်ဆောင်မှုဖြစ်တဲ့ Google mail ခေါ် Gmail ကို လုပ်ငန်းရှင်များသာမက တကိုယ်ရေသမားများပါ အသုံးပြုလျှက်ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း အွန်လိုင်းတိုက်ခိုက်သူတွေ တဖြည်းဖြည်းနဲ့ များစွာ ပေါ်ထွက်လို့လာနေပါတယ်။
အွန်လိုင်းတိုက်ခိုက်သူတွေဟာ သူ့ရည်ရွယ်ချက်နဲ့သူ အွန်လိုင်းပေါ်မှာ ပုံစံမျိုးစုံနှင့် ကျက်စားလျှက်ရှိကြပါတယ်။ အချို့ကတော့ စူးစမ်းလေ့လာတဲ့အဆင့်နဲ့ မြင်မြင်သမျှကို အလွတ်မပေးပဲ ရသလို တိုက်ခိုက်တတ်ကြပါတယ်။ အဲလိုလူမျိုးတွေကိုတော့ အွန်လိုင်းပေါ်မှာ ကြောက်စရာအကောင်းဆုံး သူတွေလို့ သတ်မှတ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ မြင်မြင်သမျှကို မတိုက်ခိုက်တော့ပါဘူး။ စိတ်မဝင်စားကြတော့ပါဘူး။ သူတို့က ပိုရှုပ်ထွေးတာကို ပိုစိတ်ဝင်စားကြတာပါ။ Target တစ်ခုထားပြီးတော့ အဲဒီ Target ကိုပဲ တိုက်ခိုက်လေ့ရှိကြပါတယ်။
ဒီတော့…
အဲလိုလူတွေများလာတာနဲ့ ကျွန်တော်တို့ အင်တာနက်အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးတွေကို ဂရုစိုက်ဖို့ လိုအပ်လို့လာခဲ့ပါပြီ။ ဒီတော့ ကျွန်တော်တို့ Email တွေကို ဘယ်လို လုံခြုံအောင် လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းကို မေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ ၁၀၀ ရာခိုင်နှုန်း လုံခြုံနိုင်မလား ဆိုတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း လုံခြုံမလားဆိုတဲ့ မေးခွန်းက တကယ်ကောင်းတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း လုံခြုံပါတယ်လို့ အာမ မခံနိုင်ပါဘူး။

ကျွန်တော်တို့ Email ကို ဘယ်လိုလုံခြုံအောင် လုပ်ကြမလဲ

Email ကို လုံခြုံအောင် လုပ်ဖို့က Program တွေ၊ Tools တွေ အပြင်ကို မိမိအပေါ်မှာလည်း မူတည်ပါသေးတယ်။ Program တွေ၊ Tools တွေဆိုတာ လူတွေက ရေးဆွဲထားတာတွေပါ။
ဒီတော့…
အဲဒီ Program တွေ၊ Tools တွေမှာ အသိဉာဏ်မရှိကြပါဘူး။ အသိဉာဏ်ရှိတဲ့ လူကသာ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လူကိုယ်တိုင်က ကာကွယ်ဖို့အတွက် အခုလို ဆောင်းပါးမျိုးတွေ ဖတ်ထားသင့်ပါတယ်။ ဗဟုသုတရှိမှ ကြိုတင်ကာကွယ်ဖို့ အဆင်ပြေနိုင်မှာပါ။ ဒီလိုဆောင်းပါးမျိုး မဖတ်ထားသူတစ်ယောက်အနေနဲ့ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သူ့အနေနဲ့ သိနိုင်မှာ မဟုတ်ပါဘူး။ ကာကွယ်ရကောင်းမှန်းလည်း သိမှာ မဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ အများအပြားရှိကြပါတယ်။ နည်းပညာခေတ်မှာ နည်းပညာအကြောင်းကို ဗဟုသုတအနေနဲ့ ဖတ်ရှုလေ့လာသင့်ပါတယ်။ ဒါမှ နည်းပညာရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတွေကို ကိုယ်တိုင်ခွဲခြား သိမြင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းလာမယ့် MPU ဆိုတဲ့ စနစ်တွေ၊ Online Payment စနစ်တွေ တွင်ကျယ်စွာ ဖြစ်ထွန်းလာရင် မိမိရဲ့ လုံခြုံရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ သင့် Email အကောင့်တစ်ခုဟာ ဘယ်လောက်အရေးကြီးလဲဆိုရင် သင်ဘယ်လောက် အတိုင်းအတာထိ အသုံးပြုထားလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ အခုနောက်ပိုင်း Social Network တွေက ခေတ်စားလာပြီး၊ အဲဒီ အကောင့်တွေကို Register လုပ်စရာမလိုတော့ပဲ Website တွေ တော်တော်များများက ချိတ်ဆက်ပေးလာကြပါတယ်။ ဥပမာ- Google account နဲ့ Log-In ဝင်ရတာမျိုး၊ Facebook account နဲ့ Log-In ဝင်ရတာမျိုး စသည်တို့ ဖြစ်ပါတယ်။ ဒီ စနစ်ကတော်တော်ကောင်းပေမယ့် ကြောက်စရာလဲကောင်းပါတယ်။ သင့်ရဲ့Source ဖြစ်တဲ့ Email အကောင့် ကို တစ်ယောက်ယောက် ရသွားခဲ့ရင် တသီတတန်းကြီး ပါသွားမှာ ဖြစ်ပါတယ်။ Google အကောင့် တစ်ခုဟာဆိုရင် Gmail, Google Docs, Youtube, စသည့် Google services အကုန်လုံးနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် သင့် Email ရဲ့ လုံခြုံရေးဟာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာခဲ့ပါတယ်။ အခုဆို သင့်အနေနဲ့ တော်တော်များများ နားလည်သလောက် ရှိသွားပြီလို့ မျှော်လင့်ပါတယ်။

Email ဆိုပေမယ့် ကျွန်တော်တို့ အသုံးများတဲ့ Gmail ကို ရေးသွားပါ့မယ်။ အခြား Email တွေလဲ ဆင်တူလေးတွေပါ။
Gmail မှာ အရေးအကြီးဆုံးဟာ Password ပါပဲ။ Password သိသွားခဲ့ရင် အကုန်လုံးကို Edit လုပ်ပြီး မောင်ပိုင်စီးလို့ ရသွားနိုင်ပါတယ်။ Secondary Email, Phone No., Security Question စသည်တို့ဟာ Password သိသွားရုံနဲ့ အကုန်လုံးကို ပြောင်းလဲလို့ ရနိုင်ပါတယ်။ Google ဟာ သူ့ရဲ့ ဝန်ဆောင်မှု တော်တော်များများကို အခမဲ့ ပေးထားပေမယ့် လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးထားပါတယ်။ သင့်အနေနဲ့ Country IP ပြောင်းသွားတာနဲ့ Indox မှာ IP address ပါတဲ့ အနီရောင်စာတန်း သတိပေးချက်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် သင့်အကောင့်ကို Security Test ပြန်လုပ်မှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဖုန်းနံပါတ်မထည့်သွင်းရသေးရင် ဖုန်းနံပါတ်တောင်းပြီး သင့်အကောင့်သေချာလား မသေချာလားဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။ အချို့ သတိပေးချက်တွေက Password ကို ပြောင်းခိုင်းမှာ ဖြစ်ပါတယ်။ အဲဒါကို ဘာမှမလုပ်ပဲ ဒီအတိုင်း ဆက်သုံးနေမယ်ဆိုရင် Google က အကောင့်ကို Auto lock ဖြစ်စေမှာ ဖြစ်ပါတယ်။ Lock ဖြစ်သွားရင်တော့ Password ကို Reset လုပ်ရမှာ ဖြစ်ပါတယ်။ Password reset လုပ်ဖို့အတွက် Phone No. ပေးထားသူများ ဖုန်းနဲ့ လုပ်နိုင်မှာ ဖြစ်ပြီး၊ Secondary email ပေးထားသူများ ကတော့ Secondary email နဲ့ reset လုပ်နိုင်ပါတယ်။ ဒီမှာ တစ်ခု သတိပေးချင်တာက ဖုန်းနံပါတ်ပေးထားသူများရော Secondary Email ပေးထားသူများအားလုံးအတွက် ဖြစ်ပါတယ်။ ဖုန်းနံပါတ်ပေးပြီး Activate လုပ်ထားသူများ မိမိဖုန်းနံပါတ်ကိုသာလျှင်ပေးသင့်ပါတယ်။ မိမိဖုန်းနံပါတ်၊ အကောင့် မဟုတ်ပဲ အခြားအပေါင်းအသင်း၊ ရောင်းရင်းတွေရဲ့ ဖုန်းနံပါတ်၊ အကောင့်နဲ့ ဆိုရင်တော့ သင့်ရဲ့ Email အကောင့်ဟာ လုံခြုံမှုမရှိတဲ့ စာရင်းထဲမှာ ပါဝင်နေမှာ ဖြစ်ပါတယ်။ သင့်သူငယ်ချင်း၊ ရောင်းရင်းတွေကို သင်ယုံပါသလား။ ကျွန်တော်ကတော့ လုံးဝကို မယုံတာပါ။ အားအားယားယား စချင်နောက်ချင်လို့တောင် Password ကို ဖုန်းထဲဖြစ်ဖြစ် Secondary Email ထဲ ဖြစ်ဖြစ် reset ပြန်ချနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါတွေက ဗဟုသုတလေးတွေပါ။ နောက်ပိုင်းမှာလည်း ဒီလို ဗဟုသုတလေးတွေထည့် ရေးပေးသွားမှာပါ။ ကျွန်တော့် Facebook အကောင့် Facebook က ကန့်သတ်ထားတဲ့ ကန့်သတ်ချက်ထက်ကျော်ပြီး သုံးမိလို့ Spam အဖြစ်ယူဆကာ Lock ချခံရဖူးပါတယ်။ အဲဒီတုန်းက စင်ကာပူမှာ ရှိတဲ့ အစ်မတစ်ယောက်ကို အကူအညီတောင်းခဲ့ရပါတယ်။ သူ့ဖုန်းနံပါတ်နဲ့ Lock ပြန်ဖွင့်တာပါ။ ပြီးတော့ ကျွန်တော် အဲဒီ ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်ပါတယ်။ အဲဒီ အစ်မကို မယုံလို့မဟုတ်ပါဘူး။ ကျွန်တော့် လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။

Email လုံခြုံရေးအတွက် သိထားသင့်အချက်များ

www.MakeUseOf.com မှာ email လုံခြုံရေး အတွက် သိသင့်တဲ့ အချက် ၇ ချက်ကို ဖော်ပြပေးထားပါတယ်။ ကျွန်တော်လည်း အဲဒီကနေ ကောက်နုတ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Email အကောင့်တွေ ခွဲသုံးသင့်ပါတယ်။ ဘယ်လိုခွဲသုံးရမလဲဆိုတော့ အရေးမကြီးတာကို အရေးမကြီးသလို၊ အရေးကြီးတာကို အရေးကြီးသလို ခွဲသုံးရမှာ ဖြစ်ပါတယ်။

ဒီလိုခွဲမယ်ဗျာ…
Personal Email နဲ့ Public Email ဆိုပြီး ခွဲလိုက်မယ်။ ဒီတော့ Personal Email က အရေးကြီးတာတွေသုံးမယ်။
ကုမ္ပဏီ ကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေ နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို Personal Email နဲ့ သုံးပြီး အများနဲ့ဆိုင်တဲ့ Social Network ထဲကိုဝင်တာမျိုး Website တကာကို ဝင်တာမျိုး၊ စသည့်အခြေအနေမျိုးမှာ Public Email ကို အသုံးပြုမယ်ဆိုရင် သင့် ကိုယ်ရေးကိုယ်တာ လုံခြုံရေးဟာ အထိုက်အလျောက် လုံခြုံနေမှာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ ဆိုရင်လည်း Public Email နဲ့ Personal Email ဆိုပြီး ရှိပါတယ်။ Public Email ကတော့ အခုသုံးနေတဲ့ [email protected] ဖြစ်ပြီး Personal Email ကတော့ ကျွန်တော့် နာမည်နဲ့ ဖြစ်ပါတယ်။

(မှတ်ချက် − Public Email ကို လုံခြုံရေး ဂရုစိုက်စရာမလိုဘူးဟု ဆိုလိုခြင်းမျိုးမဟုတ်ပါ။ Email တိုင်းက ကိုယ်နဲ့ အခြားသော ကိစ္စရပ်များကို ဆက်သွယ်ပေးထားသည့်အတွက် မည်သည့် Email မဆို သူ့နေရာနှင့် သူ အသုံးဝင်ပါသည်။ ဗဟုသုတလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ ကျွန်တော့် Facebook အကောင့်ဗျာ… အခြားသူငယ်ချင်းတွေက Subscriber လုပ်ထားလိုက်တာနဲ့ ကျွန်တော့် Name ပြောင်းချင်တာကို ပြောင်းလို့မရ ဖြစ်သွားတယ်။ ပြောချင်တာကတော့ အကောင့်လုပ်ပြီးလို့ တစ်ယောက်ယောက်နဲ့ ဆက်သွယ်မိသွားတာနဲ့ သင့်အကောင့်က အရေးတကြီးလိုအပ်နေပြီဆိုတာ သင်အနေနဲ့ နားလည်ထားဖို့ လိုအပ်ပါတယ်။ သင့်အတွက် အရေးမကြီးဘူးဆိုရင်တောင် အပေါ်မှာ Facebook ရဲ့ Username ပြောင်းလို့မရသလိုပဲ အခြားသင်နဲ့ ချိတ်ဆက် ဆက်သွယ်နေတဲ့ လူတစ်ယောက်အတွက် သင့် Email ဟာ အရေးကြီးနေနိုင်ပါတယ်။)

လုံခြုံတဲ့ Password ဖြစ်ဖို့လို

သင့်ရဲ့Password ကို မည်သူကမှ မခန့်မှန်းနိုင်လောက်သည့် Password မျိုး ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှ အလွယ်တကူ တိုက်ခိုက်ခိုးယူလို့ မရနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းရဲ့ Email တစ်ခုဟာ ကျန်သည့် အင်တာနက်တွင် အသုံးပြုသော အကောင့်အားလုံးကို ထိန်းချုပ်ထားတဲ့ Master အကောင့်တစ်ခု အဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ အဲလို Email မျိုးကို ပိုပြီးတော့ ကောင်းမွန်တဲ့ Password မျိုးထားသင့်ပါတယ်။ ကျွန်တော် ဆိုရင် ဘယ်သူမှ မသိတဲ့ Email တစ်ခုကို Master အကောင့် အဖြစ်ထားပါတယ်။ PC နဲ့ Mobile Device တွေမှာ Remember Password ထားခြင်းဟာလည်း သင့် Email လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းရင်းကတော့ သင်မဟုတ်ပဲ အခြားသူတစ်ယောက်က သင့် Device ကို ရယူသုံးစွဲခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ရရှိသွားခြင်း စသည့် အခြေအနေမျိုးအတွက် သင့်အနေနဲ့ ပြင်ဆင်ထားသင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့် အနေနဲ့ အမြန်ဆုံး Email password ကိုပြောင်းခြင်း စသည်တို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သင့်အကောင့် အခြား Device တစ်ခုခုမှာ ဖွင့်လျက်သား ကျန်ခဲ့ရင်လည်းပဲ ပြဿနာရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာတော့ သင့်အနေနဲ့ Gmail အကောင့်ကို ဖွင့်ပြီး အောက်ဆုံးအထိဆင်းပါ။ ညာဖက်မှာ Last account activity: “TIME” day ago DETAIL ဆိုတာ တွေ့ပါလိမ့်မယ်။

Logs ပြန်စစ်ခြင်း

Detail ကို ကလစ်လုပ်လိုက်ပါ။ Last account activity ရဲ့ Windows တစ်ခု ထွက်လာပါလိမ့်မယ်။ အဲမှာ Sign out all other sessions ကို ကလစ်လုပ်လိုက်ခြင်းဖြင့် တစ်ကမ္ဘာလုံးမှာ ပတ်ဖွင့်ထားတဲ့ သင့်အကောင့် Sign out အကုန်ဖြစ်သွားမှာပါ။ အထူးသဖြင့် အင်တာနက်ဆိုင်တွေမှာ အသုံးပြုပြီး အကြောင်းအမျိုးမျိုးကြောင့် Sign out မလုပ်နိုင်ခဲ့တာမျိုးကို ဒီနည်းသုံးပြီးတော့ သင့်အကောင့်ကို Sign out လုပ်နိုင်ပါတယ်။

Phishing ခေါ် မက်လုံးပေး ဆွဲဆောင်ခြင်း

ဒီတစ်ခါတော့ Phishing လို့ခေါ်တဲ့ ငါးမျှားသလို မျှားခေါ်ပြီး အကောင့်ကို အရယူခြင်းဖြစ်ပါတယ်။ Phishing အကြောင်းအလွယ်ပြောရမယ်ဆိုရင် ငါးမျှားသလိုပါပဲ။ SE လို့ခေါ်တဲ့ Social Engineering သုံးပြီးတော့ လုပ်တာပါ။ သင်ကြိုက်နှစ်သက်တဲ့ အရာဝတ္ထုတစ်ခုခု၊ အကြောင်းအရာတစ်ခုခုနဲ့ ပစ်မှတ်ကို မျှားခေါ်ပြီးတော့ တိုက်ခိုက်တာပါ။ သူ့ရဲ့ ပစ်မှတ်တွေကတော့ Email အကောင့် ရယူလိုခြင်း၊ Credit card နံပါတ်များ ရယူလိုခြင်းနှင့် အခြားသော သတင်းအချက်အလက်များ ရယူလိုခြင်းတို့ပဲ ဖြစ်ပါတယ်။ Gmail ကို Phishing လုပ်မယ်ဆိုရင် Gmail ရဲ့ Login page က Source code နဲ့ Script တွေပေါင်းပြီး ဖန်တီးခြင်းဖြစ်ပါတယ်။ အဲဒါတွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာဖွေရယူနိုင်ပါတယ်။ ဒါတွေက အပေါ်မှာ ပြောခဲ့သလို စူးစမ်းလေ့လာတဲ့အဆင့်နဲ့ မြင်မြင်သမျှကို အလွတ်မပေးပဲ ရသလို တိုက်ခိုက်တတ်တဲ့ Kidies တွေလောက်ပဲ အများဆုံး အသုံးပြုတတ်ကြပါတယ်။ ပညာရှင်တွေလည်း ဒီနည်းကိုပဲ အသုံးပြုလေ့ရှိကြပါတယ်။ ပညာရှင်အဆင့်တွေ Phishing လုပ်တယ်ဆိုရင်တော့ သူလိုချင်တဲ့ ပစ်မှတ်ကို ရောက်မှန်းမသိ ရောက်သွားပါလိမ့်မယ်။ အဲဒါကလည်း SE လို့ခေါ်တဲ့ Social Engineering ရဲ့ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အများအားဖြင့်တော့ အလိုလောဘကြီးသူတွေ၊ အရူးအမူးဖြစ်သူတွေနဲ့ မသိနားမလည်သူတွေ အများဆုံး ခံရလေ့ရှိပါတယ်။ Free download website, blog များနှင့် Sex နဲ့ ဆိုင်တဲ့ website, forums, blog တွေမှာ အများဆုံး အသုံးပြုထားပါတယ်။
ဥပမာတစ်ခုပြောပြရမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ အလိမ်ခံရတယ်လို့ပြောနေတဲ့ အကြောင်းလေးနဲ့ ဥပမာပေးချင်ပါတယ်။ ကျွန်တော်ဖတ်ရတာကို ကိုးကားပြန်ပြောပြမှာဖြစ်ပါတယ်။ လူတစ်ယောက်က သင့်ကို သိန်း ၃၀၀ ထီပေါက်တယ်လို့ ပြောလာမယ်။ သင်က မယုံတဝက်ယုံတဝက်နဲ့ ပြန်မေးလိမ့်မယ်။ သင် သတိထားရမှာ သင်အဲဒါကို စိတ်ဝင်စားသွားပြီ ဆိုတာပဲ။ အဲဒီမှာ Phishing လုပ်မယ်သူက သင့်အခြေအနေကို သိသွားပြီး ဆက်ပြီးတော့ ဟုတ်တယ် သေချာတယ်။ သင့်နာမည်က ဘယ်သူ၊ ဗေဒင်ဆရာတွေလို ဘယ်လတုန်းက ထီထိုးခဲ့ဖူးတယ်။ ဟုတ်လား မဟုတ်လားဆိုတော့ သင်လည်း မမှတ်မိတော့သည့်အတွက် ဟုတ်မယ်ထင်တယ် ဆိုပြီး သင်ကလည်း လိုချင်ဇောနဲ့ လိုက်ဖောတော့မယ်။ Phishing လုပ်တဲ့သူက သင့်အခြေအနေကြည့်ပြီး အဆင့်ဆက်တက်တယ်။ ဟုတ်ပါတယ် ခင်ဗျား မေ့နေပြီထင်တယ်။ အဲဒီလက်မှတ်တွေကော ရှိသေးလား။ ဘာညာလုပ်တော့တယ်။ နောက်ပြီး မရှိရင်လည်း မပူနဲ့ ကျွန်တော့် ဆရာရှိတယ်။ သူ ထီရုံးကလူတွေနဲ့ ဟိုလူ၊ ဒီလူနဲ့ ဘာညာပြီးတယ်။ ဘာညာလိမ့်တော့တာပေါ့။ ပြီးတော့ သင်အနေနဲ့ ပိုက်ဆံဘယ်လောက်ပေးရင် ငါတို့ ရအောင်လုပ်ပေးမယ်ပေါ့။ ဘယ်လောက်တော့ပေးဆိုပြီး လုပ်ကော၊ အဲဒါနဲ့ သင်ကလည်း ၃၀၀ ဆိုတာကရှိနေတော့ ဘာမှမစဉ်းစားနိုင်တော့ဘူး။ နောက်ပြီး သူတောင်းတာကလည်း သိန်း ၃၀၀ နဲ့ ယှဉ်ရင် နည်းတယ်လေ။ အဲတော့ ယုံကြည်ပြီး တောင်းတဲ့ ပိုက်ဆံကို ထုတ်ပေးလိုက်တယ်ဆိုပါတော့။ အဲဒီမှာတင် ပွဲပြတ်သွားတော့တာပဲ။ ဟိုလူကလည်း ပိုက်ဆံရတာနဲ့ လစ်ကောလေ။ သင်ကတော့ တမျှော်မျှော်ပေါ့။ အဲဒါပါပဲ Phishing ဆိုတာ။ Phishing ကို ကာကွယ်ဖို့အတွက်ကတော့ မိမိရဲ့ ဗဟုသုတနဲ့ ဂရုပြုမှု၊ ဂရုတစိုက်ရှိမှုတွေကပဲ ကာကွယ်နိုင်ပါလိမ့်မယ်။

Attachment တွေကို အလွယ်တကူ ဖွင့်သင့်သလား

Link တွေနဲ့ Attachment တွေကို ဘယ်တော့မှ အလွယ်တကူ ကလစ်မလုပ်မိပါစေနဲ့။ သင့် Email ထဲက Link (သို့မဟုတ်) Attachment တွေကို ပိုလို့တောင် ဆိုးပါသေးတယ်။ Link (သို့မဟုတ်) Attachment တစ်ခုက သင့် Email အကောင့်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ Link (သို့မဟုတ်) Attachment တစ်ခုကို ကလစ်မလုပ်ခင် Scan လုပ်နိုင်ပါတယ်။ အင်တာနက်ပေါ်မှာ Online scanner တွေလည်း အများအပြားရှိပါတယ်။ Anti-virus တွေမှာလည်း Internet security တွေ ပါဝင်ပြီးသားပါ။ အဲဒီ Tool တွေ၊ Program တွေနဲ့ စစ်ကြည့်နိုင်ပါတယ်။ အမြဲတမ်း မစစ်နိုင်ဘူးဆိုရင် Internet Security Tool တွေကို မိမိ သုံးတဲ့ Device မှာ အမြဲ update ပြုလုပ် သုံးစွဲဖို့ လိုအပ်ပါတယ်။ ယခုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် Virus, Spyware, Malware ရန်များမှလည်း ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

Free Wifi တွေက ယုံရလား

နောက်ဆုံးအနေနဲ့ကတော့ Public Wifi တွေသုံးပြီဆိုရင် သတိထားရပါတော့မယ်။ အထူးသဖြင့် Free လွှင့်ထားတဲ့ Network တွေကို ဆိုလိုတာပါ။ ဘာလို့လဲဆိုတော့ တိုက်ခိုက်ခိုးယူသူတွေဟာ Network Sniffers Tool တွေ၊ နည်းစနစ်ကို အသုံးပြုပြီး သင့် Username နဲ့ Password ကို ကြားဖြတ် ဖမ်းယူကြည့်ရှုထားနိုင်လို့ပါပဲ။ အဲဒီအတွက်ကတော့ Gmail ရဲ့ https ကို သုံးခြင်းဖြင့် အထိုက်အလျောက်တော့ ကာကွယ်နိုင်ပါတယ်။ https ကို မသုံးဘူးဆိုရင်တော့ သေချာသလောက်ကို တိုက်ခိုက်ခိုးယူခံရနိုင်ပါတယ်။

အထက်ပါနည်းလမ်းတွေကနေတဆင့် သင့်ရဲ့ Email လုံခြုံရေးကို အထောက်အကူ ပြုလိမ့်မယ်လို့ မျော်လင့်မိပါတယ်ခင်ဗျာ…

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Leave a Reply

Top
%d bloggers like this: