You are here
Home > PC & Mobile > Internet > Facebook မှာ Friend List တည်ဆောက် အသုံးပြုနည်း

Facebook မှာ Friend List တည်ဆောက် အသုံးပြုနည်း

ဆက်သွယ်ရေးနဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တာနဲ့အမျှ  ကျွန်တော်တို့ နိုင်ငံမှာလည်း ဆိုက်ဘာ အကြမ်းဖက်မှုတွေ ခဏခဏတွေ့လာရပါပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသဖြင့် အင်တာနက်ကို အသုံးပြုပြီး ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု၊ ဂုဏ်သိက္ခာညိုးနွမ်းစေမှု စသဖြင့် အများအပြားပါပဲ။ ဒါကြောင့် အင်တာနက်ကို လုံလုံခြုံခြုံ အသုံးပြုတတ်ဖို့ လိုအပ်လာပါပြီ။

အင်တာနက်ကို လုံလုံခြုံခြုံ အသုံးပြုဖို့ဆိုရင် ကိုယ်သုံးတဲ့ ဆော့ဝဲလ်၊ ပစ္စည်းအကြောင်း နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ နားလည်သဘောပေါက်ဖို့ဆိုရင် လေ့လာမှ ရနိုင်မှာပါ။ ဒါကြောင့် နည်းပညာခေတ်မှာ အရာအားလုံးကို လေ့လာထားဖို့ လိုအပ်ပါတယ်။

ဆိုက်ဘာ ရာဇဝတ်မှုတွေများလာ

ခုတလော အင်တာနက်ပေါ်မှာ အတွေ့များလာတာက အမျိုးသမီးတွေကို ခြိမ်းခြောက်မှု ပိုများလာပါတယ်။ ခြမ်းခြောက်မှုပုံစံတွေက ဖေ့ဘွခ်ရဲ့ ညစ်ညမ်းစာမျက်နှာတွေမှာ ခြိမ်းခြောက်ခံ အမျိုးသမီးရဲ့ ပုံတွေကို တင်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပုံစံနဲ့ ဝတ်လစ်စလစ် ပုံတွေမှာ ခြိမ်းခြောက်ခံ အမျိုးသမီးရဲ့ မျက်နှာတပ်ဆင်တာ စသည့် ပုံစံမျိုးတွေနဲ့ ငွေညစ်ခြင်း၊ အလွဲသုံးပြုလုပ်ခြင်း၊ လိင်ရယူခြင်း စသည်တို့ကို ခြိမ်းခြောက် တောင်းဆိုလာကြပါတယ်။

ကာကွယ်ဖို့ ကိုယ်တိုင်လုပ်ပါ

ဒါတွေကို ကာကွယ်ဖို့ ကိုယ်တိုင်က ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုမရှိတဲ့ Website, Blog, Forum တွေမှာ မိမိ ပုံတွေကို တင်ခြင်း၊ ဆော့ဝဲလ်တွေ အသုံးပြုခြင်း စတာတွေကြောင့် မိမိ ပုံတွေဟာ မသမာသူတွေ လက်ထဲရောက်ပြီး မိမိက သားကောင်ဖြစ်ရတာပါ။ ဒါကြောင့် ကိုယ်ရေးကိုယ်တာ အင်တာနက်သုံးပြီဆိုရင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

Facebook Privacy

Facebook မှာ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို မိမိကြိုက်သလို စီမံခန့်ခွဲနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အဲဒီအထဲကမှ Facebook Friend List ကို တည်ဆောက် အသုံးပြုပုံကို ဖော်ပြပေးလိုက်ပါတယ်။ တော်တော်များများလည်း သုံးနေကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် လူတိုင်းမဟုတ်တဲ့အတွက် မသိသေးသူများကို ရည်ရွယ်ပါတယ်။ လိုအပ်ချက်များ ရှိခဲ့ရင် Comment မှ ထပ်ဖြည့်ပေးဖို့ တောင်းဆိုပါတယ်။

Facebook က ဖန်တီးပေးထားတဲ့ Privacy ပြပုံ
Facebook က ဖန်တီးပေးထားတဲ့ Privacy ပြပုံ

Friend List က မိမိရဲ့ ဖေ့ဘွခ်သူငယ်ချင်းတွေကို စီမံခန့်ခွဲနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဖွဲ့တွေ ခွဲလိုက်တဲ့ ပုံစံမျိုးပေါ့။ မိသားစုဆိုရင် မိသားစုသီးသန့်၊ သူငယ်ချင်းအရင်းတွေဆို သူငယ်ချင်းအရင်းတွေချည်း သီးသန့်၊ အွန်လိုင်းပေါ်က သူငယ်ချင်းဆို အွန်လိုင်းသူငယ်ချင်းသီးသန့် စသဖြင့် ခွဲထုတ်လိုက်တာပါ။ ဒီလိုခွဲလိုက်ခြင်းအားဖြင့် မိသားစုအတွင်းရေးကို မိသားစုထဲမှာပဲ မျှဝေဆွေးနွေးနိုင်ပြီး အပြင်လူ မသိနိုင်တော့ပါဘူး။ ဒီတော့ အရင်လို Public လုပ်ထားတာ မဟုတ်တဲ့အတွက် မသက်ဆိုင်သူတွေက ကိုယ့်ကို မနှောက်ယှက်နိုင်တော့ပါဘူး။ ဒီလောက်ဆို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အောက်မှာ လုပ်နည်းနဲ့ အသုံးပြုပုံကို ဆက်လေ့လာကြည့်လိုက်ပါ။ ပိုသဘောပေါက်သွားပါလိမ့်မယ်။

Facebook Custom List တည်ဆောက်နည်း

ပထမဆုံး List လုပ်ဖို့အတွက် အောက်ပါ အချိတ်အဆက်ကို နှိပ်လိုက်ပါ။ သို့မဟုတ် List လုပ်ဖို့အတွက် Screen ဘယ်ဘက်မှာ ရှိတဲ့ Content list တွေက Friends ကိုရှာလိုက်ပါ။ Pointer တင်လိုက်ရင် More ပေါ်လာပါလိမ့်မယ်။ More ကိုဖွင့်ပါ။

https://www.facebook.com/bookmarks/lists

Bookmark list သို့ သွားရန်
Bookmark list သို့ သွားရန်

ဖုန်းတွေကနေတော့ Friend list ကို လုပ်လို့မရဘူးလို့ ထင်ပါတယ်။ ကျွန်တော် ရှာကြည့်သလောက်တော့ မတွေ့ပါဘူး။ တွေ့မိတဲ့ သူတွေရှိရင် Facebook app version နဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ Comment ကနေ ပြောခဲ့ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

အနီရောင် လေးထောင့်ကွက်က More က ပုံမှန်ဆို မမြင်ရပါဘူး။ Pointer တင်မှ မြင်ရတာပါ။ More ကို ဖွင့်လိုက်ရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

List အသစ်ပြုလုပ်ရန်
List အသစ်ပြုလုပ်ရန်

ဒီပုံက အပြည့်ပုံတော့ မဟုတ်ပါဘူး။ ဖြတ်ထားတာပါ။ ပုံမှာ မြင်နေရတာတော့ ရှိပြီးသားတွေ ဖြစ်ပါတယ်။ အသစ်လုပ်ဖို့အတွက် အနီရောင် လေးထောင့်ကွက်က +Create List ကို နှိပ်ဖွင့်ပါ။ အောက်ပါပုံကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေကို ထည့်ပြီး list ပြုလုပ်ပုံ
သူငယ်ချင်းတွေကို ထည့်ပြီး list ပြုလုပ်ပုံ

ဒီပုံကလည်း ဖြတ်ထားပြီးသား ပုံပဲဖြစ်ပါတယ်။ List Name မှာ မိမိပေးချင်တဲ့ အမည်တစ်ခုခုကို ပေးနိုင်ပါတယ်။ ( ဥပမာ – Lovely Friends, ချစ်တုံးလေးများ စသဖြင့်) Members နေမှာတော့ သူငယ်ချင်း၊ မိတ်ဆွေ အကောင့်နာမည်ကို ရိုက်ထည့်ပါ။ ထည့်ပြီးသွားရင်တော့ အနီရောင်လေးထောင့်ကွက်ဖြင့် ပြထားတဲ့ Create ကို လုပ်ပါ။ ဆက်မလုပ်ချင်ပါက Cancel ကို နှိပ်နိုင်ပါတယ်။ Create ကို နှိပ်လိုက်ပါက အောက်ပါပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပုံကတော့ ဖြတ်ပြီးသား ပုံပဲ ဖြစ်ပါတယ်။

list ပြုလုပ်ပြီး၍ list ရဲ့ news feed ကို မြင်ရပုံ
list ပြုလုပ်ပြီး၍ list ရဲ့ news feed ကို မြင်ရပုံ

ဒီပုံက Create လုပ်ပြီးပြီးချင်းမှာ List ရဲ့ Feed ကို ရောက်သွားတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒါဆိုရင် Friend List အသစ်တစ်ခု တည်ဆောက်လို့ ပြီးသွားပါပြီ။

တည်ဆောက်ပြီးသွားပြီဆိုတော့ အသုံးပြုပုံကို ဆက်ကြည့်ပါဦးခင်ဗျာ။

သူငယ်ချင်းတွေရဲ့ ပို့စ်တွေကို မြင်ရပုံ
သူငယ်ချင်းတွေရဲ့ ပို့စ်တွေကို မြင်ရပုံ

ပထမဆုံး အနီရောင်လေးထောင့်ကွက်ထဲက မိမိပြုလုပ်ထားတဲ့ Friend list ကို နှိပ်ပါ။ ပုံမှာ မြင်ရတဲ့အတိုင်း List ထဲကို ရောက်သွားပါလိမ့်မယ်။ Status တွေကိုတော့ ပုံမှန်အတိုင်း တင်နိုင်ပါတယ်။ တင်သမျှ Status တွေက List ထဲမှာ ထည့်ထားတဲ့ Friend တွေနဲ့ပဲ မြင်နိုင် အသုံးပြုနိုင်ပြီး အခြားမဆိုင်သူတွေ မမြင်မသုံးနိုင်ပါဘူး။ ညာဘက်က အပြာရောင်လေးထောင့်ကွက်ကတော့ Friend ထပ်ပေါင်းထည့်ဖို့ပါ။ အစိမ်းရောင် အကွက်ထဲမှာ မိမိ ထပ်ထည့်ချင်တဲ့ Friend အမည်ကို ထည့်သွင်းနိုင်ပါတယ်။ ဒါက List ထဲကိုသွားပြီး အသုံးပြုခြင်းဖြစ်ပါတယ်။ အပြာရောင်အကွက်ထဲမှာ မြင်နေရတဲ့ See All ကို နှိပ်လိုက်မယ်ဆိုရင် အောက်ပါပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

List ထဲမှ Friend ကို ပြန်ဖြုတ်ထုတ်ပုံ
List ထဲမှ Friend ကို ပြန်ဖြုတ်ထုတ်ပုံ

 

ဒီပုံကတော့ List ကနေ Remove လုပ်ဖို့ပါ။ ထပ်ထည့်ဖို့အတွက်ကတော့ အောက်ပါပုံကို ဆက်ကြည့်ပါ။

List ထဲကို Friend တွေ ထပ်ထည့်ရန်
List ထဲကို Friend တွေ ထပ်ထည့်ရန်

အနီရောင်အကွက်ထဲမှာ ပြထားတဲ့အတိုင်း Friends, Pages, Following စသည်တို့ကို List ထဲ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ပုံမှန် News Feed သို့မဟုတ် Timeline ကနေ Status တင်မယ်ဆိုရင်တော့ အောက်ပါပုံမှာ ပြထားတဲ့အတိုင်း ရွေးချယ်ပြီး တင်နိုင်ပါတယ်။

Post အတွက် List ရွေးချယ်ရန်
Post အတွက် List ရွေးချယ်ရန်

ပုံမှာ မြင်ရတဲ့အတိုင်း Custom နေရာမှာ အခြားသော Public, Friends, Close Friends စသဖြင့် ရှိနေနိုင်ပါတယ်။ Post ဘေးနားက အနီရောင်အကွက်ကို နှိပ်လိုက်ပါက အောက်ပါအတိုင်း List ကျလာပါလိမ့်မယ်။ Custom ကို နှိပ်လိုက်ပါ။ အောက်ပါပုံကို မြင်ရပါလိမ့်မယ်။

Share This With မှာ List ထည့်ပုံ
Share This With မှာ List ထည့်ပုံ

ပုံမှာ မြင်ရတဲ့အတိုင်း Share this with မှာ မိမိ မျှဝေချင်တဲ့ သူငယ်ချင်းနာမည်၊ Group, Page, List စသဖြင့် ကြိုက်ရာ ရွေးချယ်ပြီး မျှဝေနိုင်ပါတယ်။ အောက်က Don’t share this with ကတော့ မိမိ မျှဝေလိုက်တာကို မမြင်စေချင်ရင် အဲဒီမှာ မမြင်စေချင်တဲ့ သူငယ်ချင်းနာမည်၊ Group, Page, List စသဖြင့် ထည့်ပေးရပါမယ်။ ပြီးပါက Save Changes ကို နှိပ်ပါ။

ပို့စ်တင်ရန် အဆင်သင့်ဖြစ်နေပုံ
ပို့စ်တင်ရန် အဆင်သင့်ဖြစ်နေပုံ

 

ဒီလိုဆိုရင် မိမိကြိုက်နှစ်သက်ရာကို ရေးတင်နိုင်ပါပြီ။ Public နဲ့ တင်မယ်ဆိုရင် Public ပြန်ပြောင်းတင်နိုင်ပါတယ်။

ကျူတိုရီရယ် ဆောင်းပါးတစ်ပုဒ်ရေးရတာ အရမ်းကို အလုပ်များပြီး အချိန်ကုန်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးကို ပြန်လည်မျှဝေပေးမယ်ဆိုရင် ကျွန်တော် အချိန်ပေး အပင်ပန်းခံ လုပ်ပေးရကျိုးနပ်ပါတယ်။ နားမလည်တာများ ရှိရင် Comment ကနေ မေးနိုင်ပါတယ်။ ခု ကျူတိုရီရယ်လုပ်နေရင်းတောင် Facebook က ပုံစံအမျိုးမျိုးပြောင်းနေပါတယ်။ ဒါကြောင့် အချို့နေရာတွေမှာ ပုံတွေက တထပ်တည်းမကျပဲ ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။ အချိန်လုပြီး လုပ်ထားတဲ့အတွက် လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။

ပြန်လည်မျှဝေလိုသူများ Site လိပ်စာကို ထည့်သွင်းပေးစေချင်ပါတယ်။

အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ကြပါစေ…

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top