Security

Privacy မရှိသော ကွန်ယက်များ နှင့် Fake Access Point (အတုအယောင် Wifi)

0
Fake Network of Wifi

ဒီတခါတော့ ကျွန်တော် Privacy မရှိသော ကွန်ယက်များနှင့် Fake AP (AP = Access Point) အတုအယောင် Wifi အကြောင်းကို ရေးသားတင်ပြချင်ပါတယ်။ ဒီ ဆောင်းပါးဟာ ပညာရှင်တွေ အတွက်မဟုတ်ပါဘူး။ End user များကို ရည်ရွယ် ရေးသားဖေါ်ပြပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြုလုပ်ပုံ ပြုလုပ်နည်းတွေကို ရေးသွားဖေါ်ပြသွားမှာ မဟုတ်ပါဘူး။ သိကောင်းစရာ ဆောင်းပါးပုံစံမျိုးသာ ရေးသားဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

Wifi တွေကို ယုံသင့်လား

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်တာနက်အလွယ်တကူ တပ်ဆင်အသုံးပြုလာနိုင်သည်နှင့်အမျှ မြို့ပြတွေရဲ့ နေရာတိုင်းလိုလိုတွင်လည်း Wifi ကွန်ယက်တွေ အများအပြားရှိလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲလို Wifi ကွန်ယက်တွေမှာ ရိုးရိုးသားသား အသုံးပြုခွင့် ပေးထားတဲ့ Wifi ကွန်ယက်များရှိသလို မရိုးမသား မိမိ အချက်အလက်များကို ကြားဖြတ်ခိုးယူရန် ပြုလုပ်ထားတဲ့ Wifi ကွန်ယက် များနှင့် အတုအယောင် Wifi ကွန်ယက်တွေလည်း မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တကယ်လို့ သင်ဟာ နည်းပညာများကို နားလည်သွားပြီဆိုရင် သင့်လုံခြုံရေးကို အထူးဂရုစိုက်တော့မယ့် လူတစ်ယောက်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဟုတ်ပါတယ်။ နည်းပညာ ခေတ်ကြီးထဲမှာ လုံခြုံရေးဟာ အရမ်းကို အရေးကြီးတယ်ဆိုတာ ဖွဲ့ဖြိုးပြီးနိုင်ငံများကို လေ့လာပါက သိနိုင်ပါလိမ့်မယ်။

Privacy မရှိတဲ့ ကွန်ယက်

Privacy မရှိတဲ့ ကွန်ယက် နှင့် အတုအယောင် Wifi ဆိုတာ တကယ့် ရိုးရိုး Wifi ကွန်ယက်တွေပါပဲ။ Privacy မရှိတဲ့ ကွန်ယက်တွေကတော့ လုံခြုံမှုမရှိတဲ့ ကွန်ယက် ( ဥပမာအားဖြင့် Wifi password တွေ မထားရှိပဲ Free လွှင့်ထားတဲ့ Wireless ကွန်ယက်) မျိုးကို ဆိုလိုပါတယ်။ Wifi password မပေးထားတာဟာ ကွန်ယက်အတွင်းက အချက်အလက်တွေကို encryption မလုပ်ထားတဲ့အတွက် လုံးဝကို လုံခြုံမှုမရှိပါဘူး။ အဲဒီအတွက် ကွန်ယက်မြန်နှုန်းအရမ်းကို ကောင်းမွန်ပါတယ်။ ဒါကြောင့် Free Wifi လွှင့်မယ်ဆိုရင်လည်း Wifi Key တစ်ခုခုကို ပေးသင့်ပါတယ်။

အတုအယောင် Wifi ဆိုတာ

အတုအယောင် Wifi ဆိုတာကတော့ PC (Personal Computer) တစ်လုံးလုံးကနေ လွှင့်ထုတ်လိုက်တဲ့ Wireless ကွန်ယက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ Privacy မရှိတဲ့ ကွန်ယက်ကတော့ တိုက်ခိုက်ခိုးယူဖို့ လွှင့်ထားတာ ဟုတ်ရင်ဟုတ်မယ်၊ မဟုတ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီ ကွန်ယက်ထဲမှာ တိုက်ခိုက်ခိုးယူလိုသူရှိရင် အလွယ်တကူ တိုက်ခိုက်ခိုးယူနိုင်မယ်။ အတုအယောင် Wifi ကတော့ တိုက်ခိုက်ခိုးယူဖို့ သီးသန့်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဖန်တီးမှုကတော့ တိုက်ခိုက်ခိုးယူလိုသူရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပါလိမ့်မယ်။ ဒီလို တိုက်ခိုက်ခိုးယူမှုမျိုးကို အတုအယောင် Wifi အပြင် အစစ်တွေဖြစ်တဲ့ Wifi, Wifi Hotspot များတွင်လည်း ပြုလုပ် နိုင်ပါတယ်။ ဒါတွေဟာ Network administrator တွေ အပေါ်မှာ မူတည်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရမှုမရှိတဲ့ ကွန်ယက် (Network) တွေမှာ သင်အသုံးပြုမယ့် Device (စက်ပစ္စည်း၊ ဥပမာ- ကွန်ပျူတာ၊ ဖုန်း၊ Tablet PC စသည်) ဟာ လုံခြုံရေး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ Website တွေကို ဝင်ကြည့်မယ်ဆိုရင် Secure Protocol တွေဖြစ်တဲ့ HTTPS, FTPS, VPN (Virtual Private Network) စသည်တို့နဲ့ သာ ဝင်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဒါတောင် အဆင့်မြင့် တိုက်ခိုက်ခိုးယူလိုသူနဲ့တွေ့ရင် သိပ်ပြီးအသုံးမဝင်တော့ပါဘူး။ ဒါပေမယ့် အလွယ်တကူ တိုက်ခိုက်ခိုးယူလို့ မရတာတော့ အမှန်ပါပဲ။

အတုအယောင် Wifi တစ်ခုကို ဖန်တီးမယ်

တိုက်ခိုက်မှု ပုံစံကတော့ အတုအယောင် Wifi တစ်ခုကို ဖန်တီးမယ်။ အဲဒီမှာ ဖန်တီးမှုအမျိုးမျိုးဖြစ်နိုင်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ကိုယ်ပိုင် ကွန်ယက် တစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီ ကွန်ယက် မှာ လာပြီး ချိတ်ဆက်အသုံးပြုသူ မှန်သမျှရဲ့ အချက်အလက်များကို ခြေရာခံခြင်း၊ စောင့်ကြည့်ခြင်း၊ စသည့် Sniffing attack များ ပြုလုပ်မယ်။ အဲဒီအခါမျိုးမှာ သင်က https နဲ့ မသုံးပဲ http နဲ့ သာအသုံးပြုပြီးတော့ Facebook, Gmail အစရှိတဲ့ သင့်အွန်လိုင်းအကောင့်တွေကို ဝင်ရောက်ကြည့်ရှုမယ်ဆိုရင် သင့် username, password တွေဟာ တိုက်ခိုက်ခိုးယူသူကို အလွယ်တကူပေးလိုက်တာနဲ့ အတူတူပါပဲ။ နောက်တစ်ခုက စိတ်တိုင်းကျ ထိန်းချုပ်နိုင်အောင် Setting တွေ ချမယ်၊ Tools တွေ အသုံးပြုမယ်၊ spyware တွေကို မိမိစက်ထဲ လှမ်းထည့်မယ်။

သင့်ချိတ်ဆက်အသုံးပြုလိုက်တဲ့ Device (စက်ပစ္စည်း၊ ဥပမာ- ကွန်ပျူတာ၊ ဖုန်း၊ Tablet PC စသည်) အပေါ်မူတည်ပြီး OS (Operating System) လုံခြုံရေး အားနည်းချက်များမှ တဆင့် RAT လို့ ခေါ်တဲ့ Remote Administration Tools တွေ အသုံးပြု၍ Remote Access Trojan အဖြစ်ပြောင်းလဲကာ သင့် Device ကို စိတ်ကြိုက် နောက်ကွယ်မှ ထိန်းချုပ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အဲလို RAT (Remote Access Trojan) အထည့်ခံလိုက်ရပြီဆိုရင်တော့ သင်ဘယ်နေရာဘယ်ဒေသကပဲဖြစ်ဖြစ် အင်တာနက် ချိတ်ဆက်အသုံးပြုလိုက်တာနဲ့ သင့် Device (စက်ပစ္စည်း၊ ဥပမာ- ကွန်ပျူတာ၊ ဖုန်း၊ Tablet PC စသည်) ကို နောက်ကွယ်မှ ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

မေးမြန်းအကူအညီတောင်နိုင်

ဒီလောက် နားလည်သွားတယ်ဆိုရင်ပဲ နည်းပညာတွေဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလည်းဆိုတာ သင် သိသင့်သလောက် နားလည်သဘောပေါက်လိမ့်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။ မရှင်းတာများ ရှိရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။ တတ်နိုင်သလောက် ပြန်လည်ဖြေကြား ပေးသွားပါ့မယ်။

မကြာခင်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ E-Banking နဲ့ Online Payment တွေ ခေတ်စားလာတော့မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် သင့် လုံခြုံရေးဟာ ဘယ်လောက်အထိ အရေးပါလာပြီလည်းဆိုတာ သိလာပါတော့မယ်။ Software တွေကို Crack version တွေ သုံးဖို့ အားမပေးပါဘူး။ ရှင်းရှင်းပြောရရင်တော့ အဲဒီလို အခြေအနေမျိုးရောက်လာရင် Windows OS (Operating System) ကိုတောင် Licensed version ကို သုံးသင့်ပါတယ်။ လာမယ့် ဆောင်းပါးများတွင် ဆက်လက် ရေးသားပေးသွားပါ့မယ်ခင်ဗျာ။ နည်းပညာ ခေတ်မှာ နည်းပညာနဲ့ စိမ်းမနေဖို့ လိုအပ်ပါတယ်။ အခုတော့ ဒီလောက်ပါပဲ။ မိမိ လုံခြုံရေးကို မိမိ ဂရုစိုက် နိုင်ကြပါစေဗျာ…

လုံခြုံရေးကောင်းမွန်သော Password အလွယ်တကူပေးနည်း

Previous article

4K Displays လေးခုကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်မဲ့ ၁၅လက်မ MacBook Pro

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Security