You are here
Home > Hardware > Buying Guides > Plasma TV ဝယ်မည်ဆိုလျှင်

Plasma TV ဝယ်မည်ဆိုလျှင်

Plasma ဆိုတာ

Plasma ဆိုတာ လျှပ်စစ်ဓာတ် သက်ဝင်နေတဲ့ ဓာတ်ငွေ့အက်တမ် အမှုန်လေးတွေရဲ့ အစုအဝေး ဖြစ်ပါတယ်။ ဓာတ်ငွေ့ဆိုရာမှာ နီယွန်နဲ့ ဇီနွန်ဓာတ်ငွေ့ အရောအနှောကို ဆိုလိုပါတယ်။ သာမန် ဓာတ်ငွေ့ အရောဘဝနဲ့ ရှိနေချိန်မှာ အဲဒီထဲကို လျှပ်စစ်ဓာတ် ဖြတ်သန်း စေမယ်ဆိုလျှင် ဓာတ်ငွေ့ဟာ မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တဲ့ အက်တမ် အမှုန်လေးတွေ ဘဝကို ကူးပြောင်းသွားပါတယ်။ အဲဒီအခြေအနေကို Plasma State လို့ ခေါ်ပါတယ်။ လျှပ်စစ်ဓာတ် သက်ဝင်နေတဲ့ ဓာတ်ငွေ့ အက်တမ်လေးတွေက Monitor အတွင်းဘက်မှာ သုတ်လိမ်းထားတဲ့ အရောင်စုံ phosphor အလွှာကို ထွန်းလင်း တောက်ပ လာစေပါတယ်။ အဲဒီနည်းလမ်းနဲ့ လှုပ်ရှားသက်ဝင်နေတဲ့ ရောင်စုံ ရုပ်ပုံလွှာတွေကို ပုံဖော်ယူပါတယ်။

Plasma TV အကြောင်း

အရောင် pixel လေးတွေကို အလွန်လျင်မြန်စွာ ဖွင့်ချည်ပိတ်ချည် လုပ်ပေးခြင်းအားဖြင့် အရောင်အပြောင်းအလဲ မြင်ကွင်း အပြောင်းအလဲ လုပ်ယူပါတယ်။ Plasma TV ရဲ့သဘာဝက နောက်ခံ အလင်းထိုး ပေးစရာမလိုဘဲ သူ့ဟာသူ အရောင် တောက်ပနေတဲ့ သဘောရှိပါတယ်။ ဒါကြောင့် Plasma TV တွေရဲ့ screen ကို emissive display လို့လည်း ခေါ်ကြပါတယ်။ Plasma display မှာ အကြမ်းအားဖြင့် အလွှာ ၃ လွှာ ပါဝင်ပါတယ်။ အလွှာ ၂ လွှာက အလင်းပေါက် ဖန်သားနဲ့ ပြုလုပ်ထားပြီး အဲဒီအလွှာ ၂ ခုကြားမှာ ဓာတ်ငွေ့ အက်တမ် အမှုန်လေးတွေကို ထိန်းသိမ်း ပေးထားပါတယ်။ အသားညှပ်ပေါင်မုန့်နဲ့ အလားသဏ္ဌာန် တူပါတယ်။

Plasma Screen တွေကို မူလက Laptop computer screen တွေမှာ သုံးဖို့ ကြိုးစား ကြပါသေးတယ်။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား စားသုံးမှု များတဲ့အတွက် နောက်ပိုင်းမှာ LCD Screen တွေနဲ့ အစားထိုး ခဲ့ရပါတယ်။ Plasma TV တွေ ပေါ်ဦးပေါ်ဖျားက အလွန် ဈေးကြီးပါတယ်။ လက်မ၄ဝ အရွယ် TV တွေအဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဈေးနှုန်းကလည်း သိန်း ၄ဝ နီးပါး ပေးခဲ့ကြရပါတယ်။ အခုအချိန်မှာ Plasma TV တွေရဲ့ဈေးနှုန်းဟာ လူလတ်တန်းစားအဆင့် နေအိမ်တွေမှာ ဝယ်နိုင်လောက်အောင် ဈေးနှုန်း ကျဆင်းလာပါပြီ။ ပြီးခဲ့တဲ့ လကဆိုရင် Panasonic Viera Plasma TV X series 42 လက်မအရွယ်ကို ကျပ် ၄၇ဝ,ဝဝဝ နဲ့ ဝယ်ယူ ရရှိနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဝယ်တုန်းက ဈေးကျတယ် ဆိုတာတောင် ကျပ် ၅ဝဝ,ဝဝဝ လောက် ဈေးပေါက်ပါတယ်။

LCD Screen 42 လက်မနဲ့ ယှဉ်ကြည့်ရင် Plasma Screen 42 လက်မတွေက ရုပ်ထွက် ပိုပြီး ညက်ပါတယ်။ LED LCD သည်ပင်လျှင် Plasma ရဲ့ရုပ်ထွက်ကိုမီဖို့ နည်းနည်းလေး လိုနေပါသေးတယ်။ တစ်ခုချင်း သီးခြားစီကြည့်ရင် မသိသာပေမယ့် Screen ၂ ခုကို ဘေးချင်းယှဉ်ချပြီး ကြည့်ရင်တော့ ဒီအချက်ကို တွေ့ရပါလိမ့်မယ်။ အရွယ်တူ screen အချင်းချင်းဆိုရင် လူတွေက ၄၂ လက်မအရွယ် Plasma TV ကို ရွေးချယ်ကြပါတယ်။ ၅ဝလက်မအရွယ်နဲ့ ၆ဝ လက်မအရွယ် Plasma TV တွေလည်း မြန်မာ့ဈေးကွက်ထဲဝင်ဖို့ တန်းစီပြီး စောင့်နေပါတယ်။ ဒါကြောင့် လာမယ့်နှစ်ထဲမှာ ၄၂ လက်မ မြင်ကွင်းနဲ့ Plasma TV model အဟောင်းတွေ ကျပ် ၄ သိန်းဝန်းကျင်အထိ ပြုတ်ကျမှာမို့ အလှည့်အပြောင်း လုပ်မယ့်သူတွေ ဝယ်ကြပါဦးမယ်။

Plasma TV ဝယ်မယ်ဆိုရင်

ကောင်းပါပြီ Plasma TV ဝယ်ရင် ကျွန်တော်တို့ ဘာတွေထည့်ပြီး စဉ်းစားသင့်ပါသလဲ။ အခုအချိန်မှာ ဈေးကွက်ထဲက Plasma TV တွေရဲ့ အရွယ်အစားဟာ ၄၂ လက်မကနေ ၆၅ လက်မအထိ ရှိနေပါတယ်။ ကျောဘက်မှာ ဘုကြီးပါတဲ့ CRT TV တွေလို အရောင်မစူးရှလွန်းတာမို့ အတော်အသင့် အနီးကပ် ကြည့်နိုင်တယ် ဆိုပေမယ့် အသေးဆုံး ၄၂ လက်မအရွယ် Plasma TV တွေကို အနည်းဆုံး ၁၂ ပေ အကွာအဝေးက ကြည့်သင့်တယ်လို့ ထောက်ခံထားပါတယ်။ ဒါကြောင့် Viewing range အလွန်တိုတဲ့ နေရာတွေမှာ ထားဖို့မသင့်ပါဘူး။ မြို့လယ်ခေါင် တိုက်ခန်းတချို့မှာ ၈ ပေ အကွာလောက်ကနေ Plasma TV တွေ ကြည့်တာကိုလည်း တွေ့ဖူးပါတယ်။ နောက်တစ်ချက်က Plasma TV တွေရဲ့ အလေးချိန် အလွန်များတာ ဖြစ်ပါတယ်။

၄၂ လက်မချင်း အရွယ်တူရင် PlasmaTV ဟာ LCD ထက် အလေးချိန် ၂ ဆနီးပါး စီးပါတယ်။ မတော်လို့ TV ပေါ်ကို ကြောင်တစ်ကောင် ခုန်တက်ပြီး လဲကျသွားခဲ့ရင် ပျက်စီးနိုင်ခြေ များပါတယ်။ Plasma TV တွေဟာ ထိမိဆောင့်မိတဲ့ဒဏ်ကို LCD TV တွေလောက် ခံနိုင်ရည် မရှိပါဘူး။ ဒါကြောင့် Plasma TV ဝယ်ရင် အုပ်ဖို့ဆိုင်းဖို့ အလေးချိန်ရှိတဲ့ Case တစ်ခု လိုပါမယ်။ လက်တွေ့မှာ အဲဒီလောက်ကြီးတဲ့ Case မျိုး ထုတ်လုပ် ရောင်းချတာ မတွေ့ရပါဘူး။ ဒါကြောင့် wall mount နဲ့ နံရံမှာ တွယ်ကပ်ထားဖို့ လိုပါမယ်။ မြန်မာဈေးကွက်မှာ ပြည်တွင်းဖြစ် wall mount အများစုနဲ့ တရုတ်ပြည်ဖြစ် wall mount အနည်းအပါး တွေ့ရပါတယ်။ ၄၂ လက်မအရွယ် TV အတွက် ဈေးနှုန်းအနည်းဆုံး ကျပ် ၅ သောင်းကနေ ကျပ် ၁ သိန်းကျော်အထိ (အရည်အသွေးကို လိုက်ပြီး) ကွဲပြားပါမယ်။

တပ်ဆင်ခ ကျပ် ၁ သောင်းခွဲလောက် နောက်က လိုက်ရပါမယ်။ Plasma TV တွေရဲ့ သဘာဝမှာ နဂိုကပင်လျှင် အရောင်တောက်ပပြီးသား ဖြစ်ပါတယ်။ TV မျက်နှာပြင်ပေါ်ကို အလင်းထိရင် အလင်းပြန်လွယ်တဲ့ သဘောသဘာဝလည်း ရှိပါတယ်။ ဒါကြောင့် အလင်းရောင်များတဲ့ နေရာတွေမှာ ထားပြီးကြည့်ရင် အဆင်မပြေပါဘူး။ မီးတွေ ထိန်နေအောင် ထွန်းထားတဲ့ အခန်းထဲမှာ ကြည့်ရင်လည်း သိပ်အဆင်မပြေပါဘူး။ ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်တဲ့ ဒေသတွေကို Plasma TV က မကြိုက်ပါဘူး။ လေထုဖိအား သိပ်နိမ့်လို့ပါ။ အဲဒီလို အခြေအနေမျိုးတွေမှာ Plasma တွေ လိုသည်ထက်ပို အလုပ်လုပ်ပြီး ရုပ်ထွက် မမှန်တာတွေ ဖြစ်တတ်ပါတယ်။ အဆိုးဆုံး အချက်ကတော့ Plasma TV တွေပေါ်မှာ ရုပ်သေတွေ အကြာကြီး ပြထားလို့မရတာ ဖြစ်ပါတယ်။ ဥပမာ ဂိမ်းကစားရင်း၊ အခွေကြည့်ရင်း pause လုပ်ပြီး အချိန်အကြာကြီး ထားခဲ့တာမျိုးပါ။ Burn in domage လို့ခေါ်ပြီး screen ထာဝရ ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့၂ဝ၁၁ ထဲမှာ ထွက်လာတဲ့ Plasma TV တွေမှာ ဒီလိုကိစ္စမျိုး အဖြစ်နည်းအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ သတိထားစရာ ကိစ္စတွေ သိပြီဆိုရင် Plasma TV တစ်လုံးမှာ ဘယ်လို အရည်အချင်းတွေ ရှိသင့်သလဲဆိုတာ ကြည့်ကြပါမယ်။ ပထမဆုံးက viewing angle ပါ။ ရှေ့တည့်တည့်က ကြည့်ရင် ရုပ်ထွက် မှန်တယ်။ ဘေးတိုက်ကြည့်ရင် မျက်နှာကြီးတွေ ရှည်မျောမျော ဆိုတာမျိုး Plasma TV မှာ မရှိသင့်ပါဘူး။ ရှိလည်း မရှိတော့ပါဘူး။ View Angle ကို ပြောရာမှာ screenနဲ့ အပေါ်အောက် ထောင့်ဘယ်လောက်ချိုးပြီး ကြည့်တဲ့ထိ အဆင်ပြေမှာလဲ။ ဒါကို H တန်ဖိုးနဲ့ ပြပါတယ်။ Screen နဲ့ ဘေးတိုက်ထောင့် ဘယ်လောက်ချိုးပြီး ကြည့်တဲ့ထိ အဆင်ပြေမှာလဲ။ ဒါကို V တန်ဖိုးနဲ့ ပြပါတယ်။ ဥပမာ H : 120 V : 170 လို့ဆိုရင် screen နဲ့ အပေါ်အောက် ၁၂ဝ ဒီဂရီ ထောင့်ချိုးပြီး ကြည့်တဲ့ထိ၊ screen နဲ့ ဘေးတိုက် ၁၇ဝ ဒီဂရီ ထောင့်ချိုးပြီး ကြည့်တဲ့အထိ ရုပ်ထွက်မှန်မယ်လို့ ဆိုလိုပါတယ်။

H နဲ့ V တန်ဖိုးတွေဟာ ၁၂ဝ ကအထက် ရှိသင့်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ထုတ် Plasma TV တွေမှာတော့ ၁၅ဝ ကနေ ၁၇ဝ ကြားအထိ ပေးပါတယ်။ လက်စွဲစာအုပ် တောင်းပြီး ဖတ်မှ ဒီတန်ဖိုးတွေကို သိရပါမယ်။ ဒုတိယကြည့်မယ့် အချက်က contrast ratio ပါ။ Screen ပေါ်မှာရှိတဲ့ အဖြူရောင်စစ်စစ် pixel တစ်ခုနဲ့ အနက်စစ်စစ် pixel တစ်ခုရဲ့ ကွာခြားမှု အတိုင်းအတာ ဖြစ်ပါတယ်။ Contrast ratio မြင့်လေ၊ တစ်နည်းအားဖြင့် အချိုးအစားကြီးလေ ကောင်းလေပါ။ ရုပ်ထွက် ပိုပြတ်သားမယ်။ ၂ဝ၁ဝ ခုနှစ်ထုတ် စက်များရဲ့ အတိုင်းအတာနဲ့ ချိန်ဆပြီး ပြောမယ်ဆိုရင် contrast ratio အနိမ့်ဆုံးဟာ 20000:1 ဖြစ်ပါတယ်။ Plasma TV တွေမှာ အနည်းဆုံး 100000:1 ကနေ 2000000:1 အထိ ပေးလာကြပါပြီ။ ဝယ်မယ်ဆိုရင် အဲဒီကိန်းဂဏန်းကို သတိထားပြီး ကြည့်ပါ။ Screen ပေါ်က လက်တွေ့ ရုပ်ထွက်နဲ့လည်း ယှဉ်ပြီး ဖြစ်နိုင်ခြေရှိ၊ မရှိ သုံးသပ်ပါ။ သူ့မှာ Native contrast ratio နဲ့ dynamic contrast ratio ဆိုပြီး ၂ မျိုးရှိပေမယ့် ဒီနေ့ခေတ် Plasma TV တွေမှာတော့ Dynamic contrast ratio ကိုပဲ ဖော်ပြလေ့ ရှိပါတယ်။ တတိယ စဉ်းစားရမှာက Response Time ဖြစ်ပါတယ်။

သူ့ကို milisecond (တစ်စက္ကန့်ရဲ့ ထောင်ပုံတစ်ပုံ) နဲ့ တိုင်းတာပါတယ်။ pixel တွေဘယ်လောက် အရောင်မြန်မြန် ပြောင်းနိုင်တယ်ဆိုတဲ့ နှုန်းထား ဖြစ်ပါတယ်။ ဒီနေ့ခေတ် Plasma TV တွေမှာ Response Time 5ms (milisecond) ကနေပြီး 2ms အထိ ပေးပါတယ်။ တန်ဖိုးနည်းလေ ကောင်းလေပေါ့။ Response Time နည်းရင် လှုပ်ရှားမြန်တဲ့ ရုပ်ပုံတွေမှာ motion blur မဖြစ်ပါဘူး။ ရုပ်ပုံနှစ်ထပ် ဖြစ်တာလည်း မတွေ့နိုင်ပါဘူး။ ဘောလုံးပွဲကြည့်ရင်၊ ဂိမ်းကစားရင် သိသာပါလိမ့်မယ်။ သိပ်ပြီး အရေးမပါလှပေမယ့် ထည့်စဉ်းစားရမယ့် အချက်က screen resolution ပါ။ Full HD support (1980 × 1080) ကတော့ ကောင်းလည်း အကောင်းဆုံး၊ ဈေးလည်း အများဆုံးပါ။ HD အရည်အသွေးပြည့်ကို တိုက်ရိုက်ပုံ ဖော်ပေးနိုင်တာမို့ ကောင်းတာ ဖြစ်ပါတယ်။ နောက်တစ်ခုက HD ready လို့ခေါ်တဲ့ Monitor တွေ ဖြစ်ပါတယ်။ 1080p အရည်အသွေး အဆင့်ကို ပြသပေးနိုင်ပေမယ့် full HD ကို တိုက်ရိုက် အထောက်အပံ့ ပေးတာမျိုး မဟုတ်ပါဘူး။ ဈေးတော့ သက်သာပါတယ်။ 720p အရည်အသွေးလောက် ပြပဲပြပေးနိုင်မယ့် Plasma TV တွေကို မဝယ်သင့်တော့ပါဘူး။

TV ဝယ်ပြီဆိုရင် စဉ်းစားရမယ့် အထဲမှာ port တွေလည်း ပါတယ်။ Plasma TV တွေမှာ ရုပ်သံ အရည်အသွေးမြင့်ဖို့ HDMI port တွေကို သုံးပါတယ်။ HDMI ဆိုတာ High Definition Multimedia Interface ကို ရည်ညွှန်းပါတယ်။ Blu-ray player တွေနဲ့ တွဲဖက်တွေ့လာရမယ့် 7.1 (အသံ ၈ လိုင်းထွက်စနစ်) နဲ့ 1080p (ရုပ်ထွက် အရည်အသွေးမြင့်စနစ်) တွေကို ခံစားနိုင်ဖို့ HDMI port တွေ ရှိရပါမယ်။ HDMI ကြိုးတွေ လိုပါမယ်။ Blu-ray ဖွင့်စက် Xbox ဂိမ်းစက်၊ HD နဲ့ လွှင့်တဲ့ စလောင်း ရုပ်မြင်သံကြားတွေသုံးဖို့ HDMI port အနည်းဆုံး ၂ ခုတော့ ပါရပါမယ်။ များလေ ကောင်းလေပေါ့။ ရိုးရိုး DVD နဲ့ EVD တွေကိုလည်း အတော်အသင့် အရည်အသွေးမြင့်မြင့် ခံစားနိုင်ဖို့ Component port လိုအပ်ပါမယ်။ Memory Stick တွေ တိုက်ရိုက် ထိုးကြည့်နိုင်ဖို့ USB port ပါတဲ့ TVတွေလည်း ရှိနေပါပြီ။ Plasma TV တွေမှာ ချစ်စရာကောင်းတဲ့ အချက်က သက်တမ်း တာရှည်ခံတာ ဖြစ်ပါတယ်။ မီးအားဆောင့်တက်တာမျိုး မရှိရင်၊ ထိခိုက်ကွဲရှတာမျိုး မရှိရင် တစ်နေ့ကို ၈ နာရီနှုန်းထားနဲ့ အနှစ် ၂ဝ သက်တမ်းအထိ အရည်အသွေးမကျဘဲ အသုံးပြုနိုင်ပါလိမ့်မယ်။ မကောင်းတဲ့ အချက်ကတော့ အလေးချိန်များတာနဲ့ လျှပ်စစ်ဓာတ်အား အစားများတာ ဖြစ်ပါတယ်။ အရွယ်တူချင်း ယှဉ်ရင် LCD TV မှာထက် လျှပ်စစ်ဓာတ်အား စားသုံးမှု ၂ ဆကျော်များပါတယ်။

ဆောင်းပါးရေးသူ – Minarkar

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top