You are here
Home > PC & Mobile > Internet > 5G ဆိုတာဘာလဲ

5G ဆိုတာဘာလဲ

5G ဆိုတာဘာလဲ

5G ကွန်ရက်တွေဟာ စီးပွားရေးကဏ္ဍသစ်တွေရဲ့ အသက်သွေးကြော ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေ၊ စမတ်မြို့
တော်တွေ၊ ကွန်ရက်ချိတ်ဆက်ထားတဲ့ စက်ရုပ်တွေနဲ့ virtual reality တွေအားလုံးကို မကြာခင်တစ်ချိန်ချိန်မှာ 5G ကွန်ရက်တွေနဲ့ မောင်းနှင်လာမှာ ဖြစ်ပါတယ်။ 5G ကွန်ရက်ကြောင့် ခွဲစိတ်လေ့လာမှု နည်းစနစ်သစ်တွေ၊ ပိုလုံခြုံတဲ့ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ အရေးပေါ် ကိစ္စရပ်တွေအတွက် အလျင်အမြန် ဆက်သွယ်ရေး နည်းလမ်းသစ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်အစိုးရကလည်း အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ အများပြည်သူဆိုင်ရာ 5G ဝန်ဆောင်မှုလုပ်ငန်းကို ပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ Axios ကဖော်ပြခဲ့ပါတယ်။

အများပြည်သူဆိုင်ရာ 5G စီမံကိန်းဟာ ဒေါ်လာဘီလျံပေါင်းများစွာ ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း 5G ကွန်ရက်ကို အမေရိကန်အစိုးရ မထောက်ပံ့ပေမယ့်လည်း အနာဂတ်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ နာမည်ကျော် အင်တာနက်ကုမ္ပဏီတွေဟာ 5G ကွန်ရက်ကို တိုးတက်အောင် ပြုလုပ်နေပြီး လာမယ့်နှစ်နှစ်အတွင်း အသုံးပြုနိုင်မယ့် ပထမဆုံး 5G ကွန်ရက်တွေ ဖြစ်လာပါမယ်။

အခြားမျိုးဆက်သစ် ကြိုးမဲ့ကွန်ရက် နည်းပညာသစ်လိုပဲ 5G ဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြန်ဆန်စေပြီး 4G ထက်ဆယ်ဆ မြန်ဆန်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 5G ကွန်ရက်ပေါ်မှာ စက္ကန့် ၃၀ အတွင်း 8K ဗီဒီယိုကို ကြည့်နိုင်သလို ဒါမှမဟုတ် 3D ရုပ်ရှင်တစ်ကားကို download ပြုလုပ်နိုင်ပါတယ်။ 4G ကွန်ရက်မှာ အလားတူ လုပ်ဆောင်ချက်တွေ ပြုလုပ်ရာမှာ ခြောက်မိနစ်အထိ ကြာမြင့်ပါတယ်။

5G ရဲ့ capacity အပိုကြောင့် ဝန်ဆောင်မှုတွေဟာ ပိုမိုတည်ငြိမ်လာပြီး ကွန်ရက်မှာ တစ်ပြိုင်နက်တည်း gadget တွေအများကြီး ချိတ်ဆက်နိုင်ပါတယ်။

5G နည်းပညာဟာ စမတ်ဖုန်းတွေမှာ သာလွန်တဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။ Sensors, thermostats အပြင် ကားတွေ၊ စက်ရုပ်တွေနဲ့ အခြားနည်းပညာသစ်တွေလည်း တစ်နေ့မှာ 5G ကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ 4G ကွန်ရက်တွေမှာ အဲဒီလို ထုတ်ကုန်တွေ အားလုံးထုတ်လွှင့်မယ့် အချက်အလက် မြောက်မြားစွာအတွက် bandwidth မရှိပါဘူး။

5G ကွန်ရက်တွေဟာ ထုတ်ကုန်တွေနဲ့ ဆာဗာတွေအကြား ဆက်သွယ်မှုပြုလုပ်တဲ့အခါ lag time ကို သုညအထိ လျှော့ချပေးမှာဖြစ်ပါ
တယ်။ မောင်းသူမဲ့ကားတွေအတွက် ကားတစ်စီးနဲ့ အခြားယာဉ်တွေ၊ အချက်အလက်စင်တာတွေနဲ့ အပြင်ဘက်က sensor တွေအကြားက ဆက်သွယ်မှုကို ကြားဝင်နှောင့်ယှက်လို့မရအောင် ပြုလုပ်ထားတဲ့သ ဘောဖြစ်ပါတယ်။

အဲဒီလိုစွမ်းဆောင်ရည်တွေ ပြုလုပ်နိုင်ဖို့ 5G ဟာ ကြိမ်နှုန်း အလွန်မြင့်တဲ့လေလှိုင်းတွေပေါ်မှာ ရွေ့လျားသွားလာရမှာ ဖြစ်ပါတယ်။ ကြိမ်နှုန်းမြင့်မားလေ မြန်နှုန်းပိုမြင့်လာသလို bandwidth လည်း ပိုများလာပါတယ်။ ဒါပေမဲ့ ကြိမ်နှုန်းမြင့်တွေဟာ နံရံတွေ၊ ပြတင်းပေါက်တွေ ဒါမှမဟုတ် ခေါင်မိုးတွေကို ဖြတ်သန်းနိုင်မှုမရှိပါဘူး။ ရှည်လျားခရီးအကွာအဝေးတွေမှာ လှိုင်းတွေက အားပျော့တတ်ပါတယ်။

ဒါကြောင့် ကြိုးမဲ့ကုမ္ပဏီတွေအနေနဲ့ မီးတိုင်တွေတိုင်းမှာ၊ အဆောက်အအုံတွေနဲ့ အိမ်တိုင်းအပြင် အခန်းတိုင်းမှာ cell tower အသေးစားတွေ ထောင်ပေါင်းများစွာ တပ်ဆင်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် 5G ကိုလွတ်လွတ်လပ်လပ် တပ်ဆင်နိုင်တဲ့ 4G နဲ့တွဲဖက် အသုံးပြုနေတာဖြစ်ပါတယ်။ အဆောက်အဦအတွင်းနဲ့ လူထူထပ်တဲ့ ဧရိယာတွေမှာ 5G ဟာမြန်နှုန်းမြင့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဝေးပြေး အမြန်လမ်းမပေါ် ရောက်ရှိနေတဲ့အခါ 4G ဟာ လက်ရှိမှာ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပါတယ်။

5G ဘယ်သူတည်ဆောက်နေလဲ

Verizon, AT&T, T-Mobile နဲ့ Sprint တို့ဟာ 5G ကွန်ရက် နည်းပညာကို တိုးတက်အောင် လုပ်ဆောင်ပြီး စမ်းသပ်နေကြပါတယ်။ ချစ်ပ်ထုတ်လုပ်သူတွေဖြစ်တဲ့ Qualcomm နဲ့ Intel တို့ကလည်း 5G ဆက်သွယ်ရေး ပြုလုပ်နိုင်တဲ့ ပရိုဆက်ဆာတွေနဲ့ radio တွေကို တည်ဆောက်နေပါတယ်။ အခြားနာမည်ကျော် equipment ကုမ္ပဏီတွေဖြစ်တဲ့ Nokia, Ericsson နဲ့ Huawei တို့ကလည်း 5G အထောက်အပံ့ equipment နဲ့ အဓိကအရာတွေကို တည်ဆောက်နေပါတယ်။

5G ကွန်ရက်သုတေသနနဲ့ တိုးတက်အောင် ဖန်တီးမှုချည်းပဲ စရိတ်စကကြီးမားပါတယ်။ ဒါပေမဲ့ 5G ကွန်ရက် တည်ဆောက်တာက ပိုပြီးတန်ဖိုးကြီးပါတယ်။ နှစ်စဉ်အခြေခံ အဆောက်အုံစရိတ်က ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုနေတဲ့ လုပ်ငန်းပိုင်းက လူတွေအတွက်တောင် 5G က စရိတ်စက များပါသေးတယ်။ အမေရိကန်တစ်နိုင်ငံလုံးအတွက် 5G ကွန်ရက်ဖြန့်ချိဖို့ ဒေါ်လာဘီလီယံ ၃၀၀ ကျသင့်မယ်လို့ Barclays ဘဏ်ကပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ အဲဒီငွေကြေးပမာဏကို အသုံးပြုနိုင်ပေမယ့် စီမံကိန်းစတင်ဖို့ အလွန်နောက်ကျနိုင်ဖွယ် ရှိပါတယ်။ ကွန်ရက် equipment နဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ကိုယ်ပိုင်ကွန်ရက်တွေကို တည်ဆောက် စမ်းသပ်နေပြီ ဖြစ်ပါတယ်။

5G ကွန်ရက်ဟာ အစိုးရရဲ့ နိုင်ငံတော်လုံခြုံရေး နည်းဗျူဟာ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော် အာဏာပိုင်တစ်ဦးက အတည်ပြုခဲ့ပါတယ်။

5G ကွန်ရက် ဘယ်တော့ထွက်ပေါ်လာမှာလဲ

၂၀၂၀ ခုနှစ်မှာ 5G ကွန်ရက်တွေကို မိတ်ဆက်နိုင်မယ်လို့ ကြိုးမဲ့ကွန်ရက်လုပ်ငန်း ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။ ဒီလမှာ
အပြည်ပြည်ဆိုင်ရာ ကြိုးမဲ့အဖွဲ့အစည်း 3GPP က 5G ကို မျိုးဆက်သစ် ကွန်ရက်တွေအတွက် နည်းပညာစံသတ်မှတ်ချက် တစ်ခုအဖြစ် အတည်ပြု သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် 5G ဟာ အရေးပါတဲ့ အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ United Nations’ International Telecommunications Union က 3GPP ရဲ့စံသတ်မှတ်ချက်ကို ပြန်လည်သုံးသပ်ဖွယ် ရှိပါတယ်။ အဲဒါအပြီးမှာ ကြိုးမဲ့ကုမ္ပဏီတွေက အလုပ်အတူပူးပေါင်း လုပ်ကိုင်နိုင်မယ့် အာမခံချက်နဲ့အတူ 5G equipment ကိုဝယ်ယူ၊ ရောင်းချတာကို စတင်ပြုလုပ်နိုင်ပါတယ်။

Verizon နဲ့ AT&T က 5G ကွန်ရက်တွေ စမ်းသပ်တာကို ခပ်သွက်သွက် ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ 5G ကွန်ရက်ကို စတင်ဖြန့်ချိမယ်လို့ AT&T ကပြောခဲ့ပေမယ့် 5G နဲ့တွဲဖက် အသုံးပြုနိုင်မယ့် ထုတ်ကုန်မထွက်မချင်း ဘယ်သူမှအသုံးမပြုနိုင်သေးပါဘူး။ ၂၀၂၀ ခုနှစ် မတိုင်ခင်အထိ 5G ကို အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။

Ref: CNNMoney

Internet Journal မှ ကူးယူဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top