You are here
Home > Lifestyle > Finance > KBZ ဘဏ်မှ UnionPay အကြွေးဝယ်ကတ်များ မိတ်ဆက်

KBZ ဘဏ်မှ UnionPay အကြွေးဝယ်ကတ်များ မိတ်ဆက်

သုံးစွဲသူများသည် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ယခုဝယ်၊ နောင်မှပေးနိုင်သော အီလက်ထရွန်းနစ်ငွေပေးချေစနစ်၏ လွယ်ကူသက်သာမှုနှင့်အတူ အခြားသော အကျိုးကျေးဇူးများလည်း ခံစားရရှိနိုင်တော့မည်ဖြစ်သည်။

KBZ Union Pay မိတ်ဆက်

ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇဘဏ် လီမိတက်သည် KBZ UnionPay အကြွေးဝယ်ကတ်များကို သုံးစွဲသူများအား စတင်ထုတ်ပေးတော့မည် ဖြစ်ပါသည်။
အများမျှော်မှန်းထားသကဲ့သို့ပင် အကြွေးဝယ်ကတ်များသည် UnionPay International (UPI) ငွေပေးချေမှု ကွန်ရက်အောက်တွင် ရှိပြီး Classic ကတ်နှင့် Platinum ကတ်ဟူ၍ ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ သုံးစွဲသူများသည် အဆိုပါအကြွေးဝယ်ကတ်များနှင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်မည့်အပြင် ငွေသားထုတ်ယူမှုများကိုလည်း သုံးစွဲသူတစ်ဦးချင်းစီ၏ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍ ကန့်သတ်ချက်တစ်ခုဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အကျိုးကျေးဇူး

ငွေကြေးစီမံခန့်ခွဲမှုများအတွက် အသုံးဝင်လှသော အကြွေးဝယ်ကတ်များသည် ကမ္ဘောဇဘဏ်သုံးစွဲသူများ၏ ငွေပေးချေဆောင်ရွက်မှုများအတွက် လွယ်ကူသက်သာမှုရှိစေမည်ဖြစ်သည်။ လစာထုတ်ရက်အထိ မစောင့်ဆိုင်း နိုင်သောအခါမျိုးတွင်ဖြစ်စေ၊ သာမန်ငွေကြေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်ဖြစ်စေ အဆိုပါအကြွေး ဝယ်ကတ်များက လတ်တလောဖြေရှင်းပေးမှာဖြစ်ပြီး ရယူထားသည့် အကြွေးကျန်များကို သတ်မှတ်ထားသည့် ရက်တွင် မိမိယူထားသည့်စာရင်းအတိုင်း ပြန်လည်ပေးဆပ် နိုင်မည်ဖြစ်သည်။

Smart chip နဲ့ တည်ဆောက်ထားပြီး ကတ်လုံခြုံရေးအတွက် ပင်ကုတ်နံပါတ်ပါဝင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ ATM စက်များအားလုံးနှင့် ကမ္ဘာတစ်ဝှမ်းရှိ UPI ကွန်ရက် အောက်တွင်ရှိသော ATM စက်များတွင် ငွေထုတ်ယူခြင်း ပြုလုပ်နိုင်သကဲ့သို့ အွန်လိုင်းမှ ငွေပေးချေခြင်း များအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အကြွေးဝယ်ကတ် အသုံးပြုရာတွင် အခြေခံငွေကြေးစနစ်မှာ ကျပ်ငွေဖြစ်သည့် အတွက် ကမ္ဘောဇဘဏ်၏ အကြွေးဝယ်ကတ်ကိုင်ဆောင်ထားသူ မြန်မာခရီးသွားများအနေဖြင့် နိုင်ငံတကာမှ စတိုးဆိုင်များတွင် ငွေထုတ်ယူခြင်း၊ ငွေပေးချေခြင်းများကို အဆိုပါနိုင်ငံမှ ငွေကြေးလဲလှယ် နှုန်းထားအလိုက် ဆောင်ရွက်နိုင်မည်လည်း ဖြစ်ပါသည်။

အထူးခံစားခွင့်

ထို့အပြင် Platinum ကတ်အသုံးပြုသူများသည် ကမ္ဘောဇဘဏ်မှ ပေးအပ်သော အထူးခံစားခွင့်များကို ရရှိမည် ဖြစ်ပါသည်။ ဥပမာ – ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်ရှိ မည်သည့်စားသောက်ခန်းမတွင်မဆို ၂၀ ရာခိုင်နှုန်းဖြင့် တည်ခင်းနိုင်ခွင့်။ ထို့အပြင် UnionPay ၏ Asia Prestige အမည်ရ အစီအစဉ်အောက်ရှိ အထူးခံစားခွင့်များဖြစ်သော ကမ္ဘာတစ်ဝှမ်းရှိလေဆိပ်များ၏ VIP နားနေခန်းအသုံးပြုခွင့်နှင့် တရုတ်နိုင်ငံရှိ မီးရထားဘူတာရုံ ၂၀ တို့၏ နားနေခန်းအသုံးပြုခွင့်၊ ပြည်ပခရီးသွားအာမခံတို့ကို ရယူနိုင်မှာ ဖြစ်ပါသည်။

သိရှိလိုက်နာရန်

အကြွေးဝယ်ကတ်သည် သာမန် ATM ကတ်များနှင့် သဘာဝအားဖြင့် မတူညီသောကြောင့် သုံးစွဲသူများဘက်မှ အကြွေးဝယ်ကတ်များကို တာဝန်သိစိတ်ဓာတ်ရှိရှိ အကျိုးအပြစ်ခွဲခြားသိကာ အသုံးပြုဖို့လိုမည်လည်းဖြစ်သည်။ ကမ္ဘောဇဘဏ်မှလည်း သုံးစွဲသူများအတွက် လိုအပ်သောအကြံဉာဏ်များကို ဘဏ်ခွဲများ၊ Call စင်တာများမှတစ်ဆင့် ကူညီပေးသွား မည်ဖြစ်သည့်အပြင် ကမ္ဘောဇဘဏ်မှ #KBZCreditSmart ဟူသည့် အစီအစဉ်တစ်ရပ်ကို အွန်လိုင်းတွင် စတင်သွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မိမိတို့ရယူထားသော ငွေကြေးများကို အချိန်မီပြန်လည်ဆပ်ပါက အတိုးနှုန်းတက်မည် မဟုတ်သကဲ့သို့ နောက်ကျကြေး တစ်စုံတစ်ရာ ပေးဆောင်စရာလည်း မလိုပါ။ သို့ရာတွင် အချိန်မီပြန်လည်မဆပ်နိုင်ပါက နှစ်စဉ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ဆက်တိုက် အချိန်လွန်ပျက်ကွက်ခြင်းများအတွက် အပိုဆောင်ကြေးများ ပေးဆောင်သွားရမည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ပုံ

အကြွေးဝယ်ကတ်ဖြင့် ကြိုတင်အသုံးပြုထား သောငွေများကို လွယ်ကူစွာ ပြန်လည်ဆပ်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်က သုံးစွဲသူများ၏ မူလဘဏ်အကောင့်ထဲမှပင် ရယူထားသောငွေကြေးများကို နုတ်ယူသွားမည် ဖြစ်သည်။ ၎င်းတို့၏ကြွေးမြီများကို ဘဏ်ထဲသို့ လစဉ်ပုံမှန် ထည့်သွင်းပေးသွားမည့်ပုံစံဖြစ်သည်။ သုံးစွဲသူသည် တိုက်ရိုက် အကြွေးယူခွင့် လျှောက်ထားပါက ပေးဆောင်ရမည့်အကြွေးပမာဏကို အထက်ပါကဲ့သို့ ကမ္ဘောဇဘဏ်အကောင့်ထဲမှ အလိုလျောက် လစဉ် နုတ်ယူသွားမည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ထိုနည်းဖြင့် မိမိဘဏ်အကောင့်မှဖြစ်စေ၊ ငွေသားလက်ငင်း ပေးချေ၍ဖြစ်စေ အကြွေးငွေများ ပြန်လည်ဆပ်နိုင်မည် လည်းဖြစ်သည်။

အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုးမှ၏ ပြောကြားချက်

“သုံးစွဲသူများဟာ အကြွေးဝယ်ကတ်ကို မိမိတို့ဘဝအတွက် အရေးပါဆုံးသောအရာများအတွက် အသုံးပြုပြီး အကျိုးကျေးဇူးများ ခံစားရရှိနိုင်လိမ့်မယ်လို့ ကမ္ဘောဇဘဏ်က မျှော်လင့်ပါတယ်” ဟု ကမ္ဘောဇဘဏ်လီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုမှ ပြောကြားခဲ့ပါသည်။ “သူငယ်ချင်းများနဲ့ မိတ်ဆုံစားပွဲ ပြုလုပ်ဖို့ဖြစ်ဖြစ်၊ အားလပ် ရက်နိုင်ငံရပ်ခြား ခရီးသွားဖို့ပဲဖြစ်ဖြစ်၊ ငွေကြေးစီမံခန့်ခွဲဖို့ပဲဖြစ်ဖြစ် အကြွေးဝယ်ကတ်နဲ့ ဖြေရှင်းနိုင်ပါပြီ။ ခုလို ကမ္ဘောဇဘဏ်ရဲ့ စိတ်လှုပ်ရှားဖွယ် ကုန်ပစ္စည်းအသစ်တစ်ခုကို အသုံးပြုပြီးတော့ သုံးစွဲသူများဟာ အကျိုးကျေးဇူးများခံစားနိုင်တော့မှာပါ။” ဟု ကမ္ဘောဇဘဏ်လီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုမှ ပြောကြားခဲ့ပါသည်။

အသုံးပြုနိုင်သည့်နေရာများ

“KBZ MPU UnionPay ကတ် ကိုင်ဆောင်သူများဟာ UnionPay ရဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု ကွန်ရက်အောက်မှာရှိတဲ့ နိုင်ငံပေါင်း ၁၆၀ က ၃၅ သန်းသောအရောင်းဆိုင်တွေမှာ ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက လေဆိပ် ၄၀၀ ကျော်ရဲ့ နားနေခန်းပေါင်း ၈၅၀ ကျော်ကို အသုံးပြုခွင့်အပါအဝင် နာမည်ကျော်ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ဈေးဝယ်စင်တာတွေ၊ ဖျော်ဖြေပွဲတွေ အစရှိတဲ့ ဇိမ်ခံအထူးအခွင့်အရေးတွေ ရယူနိုင်မှာဖြစ်တာကြောင့် KBZ MPU UnionPay Platinum Asia Prestige အကြွေးဝယ်ကတ်ဟာ မြန်မာခရီးသွားများရဲ့ ခရီးသွားလာမှုနဲ့ လူနေမှုပုံစံရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးနဲ့ အမှန်တကယ်ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်” ဟု Union Pay International ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
Ref: Digital Life

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top